Wednesday, November 24, 2010

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီး

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတကြီး ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်
       ၁၉၄၈ခုနှစ် ဇန္န၀ါရီလေးရက် လွတ်လပ်ရေးနေ့အလံတင်အခမ်းနားတွင်တွေ့ရသော သမ္မတကြီး



ကျွန်တော်ဟာ ခပ်ငယ်ငယ်က သတင်းစာတွေ မဂ္ဂဇင်းတွေထဲမှာ ဘယ်နိုင်ငံသမ္မတကြီး ကိုသွား ရောက်တွေ့ဆုံ ၊ ဘယ်နိုင်ငံ သမ္မတကြီး ဘယ်နိုင်ငံသို့ သွားရောက်လည်ပတ် စသဖြင့် မကြာခဏ ဖတ်ရပါတယ် ၊ ၂၀၀၃ခုနှစ်ကျမှ ကျွန်တော်ဟာ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကြီးများ ရှိခဲ့ဖူးတယ်လို့ သိခဲ့ရသူပါ။
 တနေ့မှာတော့ ကျွန်တော်ဟာ ဖိုးဖိုးကို နိုင်ငံတော်သမ္မတကြီးတွေကိုသိဖူးခဲ့လား ပြောပြပေးပါအုံးလို့ တောင်းဆိုကြည့်တော့ ဖိုးဖိုးက သိပ်သိတာပေါ့ကွယ် ၊ နိုင်ငံတော် သမ္မတကြီးများဟာ နိုင်ငံရပ်ခြားက သမ္မတကြီးတွေလိုမဟုတ်ဘူး ၊ အမျိုးဇာတ် အင်မတန်မြင့် တယ်ကွယ် ၊ သူတို့အခမ်းအနားနဲ့ ကြွလာရင် မြန်မာရှင်ဘုရင် ခေတ်ကလိုဘဲ ၊ စည်တော်တွေ နဲ့ အလုပ်အကြွေးတွေ သက်တော်စောင့်တွေနဲ့ ကြွတော်မူကြတယ် ၊ ဘိုးဘိုးတို့ဆိုရင် နိုင်ငံတော် သမ္မတကြီးကြွမဲ့ နေရာကိုသွားပြီး နိုင်ငံတော်သမ္မတကြီးကို ဖူးမျှော်ရတာ ၀ကိုမ၀ပါဘူး။
 ဘယ်နိုင်ငံတော် သမ္မတကြီး တက်တက် ၊ အမြဲတမ်းကြွတတ်တဲ့ နေရာကတော့ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်ပဲကွယ့် သူတို့ဟာ သိမ်ဖြူဆရာတော်ကြီးဆီကို အမြဲတမ်း ကြွရောက်ဖူးမြော်ကြတယ် ၊ သိမ်ဖြူ ဆရာတော်ကြီးဟာ အဲဒီခေတ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲတံဆိပ်တော်ကို ဦးစွာရတော်မူတဲ့ ရဟန်းပညာရှင်ကြီးကွဲ့ သိပ်ဖြူဆေးအဘိဓာန်၊ သိမ်ဖြူဓာတ်ကျမ်း ၊ သိမ်ဖြူ သရုပ်ပြ ဆေးအဘိဓာန် အဲသလိုရှားပါးတဲ့ ဆေးကျမ်းကြီးတွေ ဗေဒင်ကျမ်းကြီးတွေ ပြုစုတော်မူသလို ၊ ဗေဒင်ပညာကိုလဲ တဖက်ကမ်းခတ် တတ်မြောက် တော်မူတယ်။
 ဒါကြောင့် နိုင်ငံတော်ဆိုင်ရာ အခါတော်ပေးတာတို့လို ကိစ္စရပ်တွေကို  နိုင်ငံတော် သမ္မတကြီးများ အဆက်ဆက်က ယုံကြည်ပြီး ဆရာတော်မိန့်တော်မူသလို လုပ်ကြတယ်၊ အဲဒါ ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖိုးဖိုး ပြောပြသွားတဲ့ သမ္မတကြီးများ အကြောင်း တစ်စိတ်တစ်ဒေသပါ ခင်မျာ ။
နောက်တစ်ခုကတော့ မင်္ဂလာဒုံ စစ်ဆေးရုံက ဓာတ်မှန်ဆိုင်ရာ ဆရာဝန်ကြီး ကျွန်တော့ရဲ့ကိုကိုလတ်ဟာ နိုင်ငံတော်သမ္မတတွေကို အရမ်းလေးစား အားကျသူပါ၊ သူ့အခန်းထဲမှာ အလံပေါင်းမြောက်များစွာနဲ့၊ နိုင်ငံတော်သမ္မကြီးများရဲ့ ရှားပါးပုံများကို မှန်ဘောင်နဲ့ ထည့်ထားပြီး ခေါင်းရင်း ချိတ်ထားသူပါ၊ စာအုပ်စာပေဆိုရင်လဲ အဲဒီလိုအကြောင်းတွေကိုသာ ဖတ်ရူလေ့ရှိပါတယ်။
 တနေ့မှာတော့ သူ့အခန်းထဲမှာ စာအုပ်တစ်အုပ်တွေ့ပါတယ်၊ ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)စပယ်ဦး စာပေဖြစ်ပါတယ် ၊ အဲဒီစာအုပ်ထဲမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်အကြောင်း ပါလာတာကို ဖတ်လိုက် ရပါတယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)အရ မြန်မာနိုင်ငံတွင် လူ ဦးရေ အများဆုံး ဖြစ်သည့် ရှမ်း ၊ ကရင် ၊ ကချင် ၊ ဗမာ ဆိုပြီး လေးအုပ်စုကို တစ်စုစီ အလှည့်ကျ နိုင်ငံတော်သမ္မတ တင်မြှောက်ကြပါတယ်။
 အဲဒီအထဲမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့် နောက်ပိုင်း တွင် နိုင်ငံရေးအတွက် ပူပန်နေကြသော ရှမ်းခေါင်းဆောင်တချို့နှင့် ၊ အင်္ဂလိပ်အလိုတော်ရှိ တချို့ ၏ သွေးခွဲမှုကို ခံနေရသော တိုင်းရင်းသား ခေါင်းဆောင်ကြီးတချို့ အားရ ကျေနပ်အောင် စသော ရည်ရွယ်ချက်တို့ဖြင့် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ရွှေဥသြ ရေးသားသည့် ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’စာအုပ်ပါ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး စ၀်ရွှေသိုက်၏ အထုပ္ပတ္တိကို ဤကဲ့သို့ရေးသားထားသည်ကို ကျွန်တော် ဖတ်ရူ့ခဲ့ရပါသည် 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသမ္မတကြီး (စ၀်ရွှေသိုက်)
စဝ်ရွှေသိုက်သည် မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ် (ခရစ် ၁၈၉၆-ခုနှစ်)တွင် ညောင်ရွှေမြို့၌ ညောင်ရွှေစော်ဘွားကြီး အဖ ဆာစပ်မောင်နှင့် အမိ မဟာဒေဝီတို့မှ ဖွားမြင်သော သားဖြစ်သည်။
ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေ နတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။
မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။
ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။
၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။
ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆၀ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။
၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက်အား ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စင်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ)စပ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။  လို့ဖက် မှတ်လိုက်ဖူးပါတယ်ခင်မျာ ၊ စာရှုသူအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းရင်း တချိန်က သမ္မတကြီးရဲ့ ပုံကိုငေးမျှော်၍ နောင်အနာဂတ် သမ္မတဟာ ဘယ်သူဘယ်ဝါဆိုတာ စောင့်မျှော် ကြည့်ရှု့ကြပါစို့လား ခင်မျာ ။

11 comments:

မြစ်ကျိုးအင်း said...

မျိုးရိုးကောင်းမကောင်းထက် နိင်ငံကို တကယ် စေတနာထားပြီး အကျိုးပြုမယ့် သမ္မတပဲ လိုချင်ပါတယ်။ ဒါပေမယ့်လည်း....

ဒေါင်းမင်း said...

ဘာပဲပြောပြောအခုလာမယ့်သမ္မတအသစ်တွေ
ကောင်းရင်တော့တိုင်းပြည်ပြန်လည်ထွန်းကားလာမှာပါ။
အခုလိုတင်ပြပေးတာကျေးဇူးတင်ပါတယ်။
တချို့မသိတာတွေသိလာရတယ်။
ထက်ပြီးလေ့လာထားသမျှသွန်ချပြပါအုံး။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

အင်္ဂါဟူး said...

အနာဂတ် သမ္မတကတော့ ကမ္ဘာကျော်မိုးယံ ပင်ဖြစ်ပေတော့သည် တကား.... ဂွီ

welcome to ngwelamin လေးလှတယ် သဘောကျတယ်။ စာကြောင်းတွေလိုင်းကြဲသွားတော့ ဖတ်ရတာ ရှင်းတယ်။ ကျေးဇူးတင်တယ်။ မသိရသေးတာ သိရတော့ ပျော်တယ်။ နှစ်ယောက်လုံးကို ကျေးကျေးပါနော်။

Anonymous said...

စဝ်ရွှေသိုက်ကို “ဗိုလ်မှူးက တွေ့ချင်လို့ပါ” ဆိုပြီးတော့ ဖမ်းခေါ်သွားပြီး လက်စတုံးစီရင်ပါတယ်။ သားတစ်ယောက်ကတော့ အိမ်ရှေ့ တံခါးခေါက်သံကြားလို့ သွားအဖွင့်မှာ ရင်ဘတ်တည့်တည့် အပစ်ခံလိုက်ရပါတယ်။ နောက်တက်မယ့် သမ္မတတွေ ဒီလို အဖြစ်မျိုးမကြုံဖို့ ကြိုဆုတောင်း ပေးလိုက်ပါရဲ့။

ကိုဇော် said...

ကောင်းမွန်တိုးတတ်အောင် လုပ်ပေးနိုင်မယ် ဆိုတာသာ သေချာရင် သူတောင်းစားကိုလည်း သမ္မတ ခန့်ပါတယ်။
ကောင်းရင်တော့ ကောင်းပေါ့။ မကောင်းရင်တော့ သူတောင်းစား ဘဝ ပြန်ရောက်မှာပေါ့။ ဒီလိုပဲ ကြိုက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်တော် ဗဟုသုတစုံတဲ့ ငွေလမင်းဘဲ
ကျေးဇူးတင်ပါတယ်.. မြန်မာ့သမိုင်းကြောင်းတစ်စိတ်တစ်ပိုင်းကို သိခွင့်ရလို့
ဘုရင်စနစ်ကတည်းက ဒီအာဏာကို ငမ်းငမ်းတက် မက်မောပြီး ဖြုတ်၊ထုတ်၊ သတ် လာလိုက်တာ ခုချိန်ထိလည်း ဖြုတ်လို့ သတ်လို့ မပြီးနိုင်သေးတဲ့ မြန်မာ့နိုင်ငံရေးစနစ်ကိုတော့ စိတ်ပျက်လှပါတယ်..

Anonymous said...

ဗဟုသုတ လေး တွေအတွက်ကျေးဇူးပါ

နောက်သမ္မတော့ မျှော်မနေနဲ့

ခင်တဲ့
ရွှေစင်ဦး

လသာည said...

ငွေလမင်း..
အခုလို သမ္မတကြီးအကြောင်း သေသေချာချာ တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီအကြောင်းအရာတွေ သေသေချာချာ မသိခဲ့ဘူး။

An Asian Tour Operator said...

အများကြည်ဖြူ သဘောကျပြီး အားကိုး ထိုက်တဲ့ သမတ ပဲ လိုချင်တယ်။

ညိမ်းနိုင် said...

နောင်လာမယ့် သမ တာ ကြီးလား...(အဲ သမ္မတကြီး ပြော
တာ..)ဦးသိန်းစိန်ပေါ့....။ဒါလေးများ....။
သမ္မတကြီး စပ်ရွေသိုက်ထင်ရဲ့...ပြောသွားတာ...။
နိုင်ငံတော်သမ္မတ တာဝန်က..အထိမ်းအမှတ်နေ့တွေမှာ
ရေးပေးထားတဲ့မိန့်ခွန်းကို ဖတ်ပြဖို့ရယ်...၊၂မိနစ် အတွင်း
တောင်ရှည်ပုဆိုးဝတ်တတ်ဖို့ရယ်...ဆိုလားပဲ..။

သဇင် said...

ဗဟုသုတတွေ အများကြီးရတယ်။ နောက်ရေးတင်မဲ့ ပို့ကိုလဲ စောင့်နေပါတယ်နော်။