Thursday, January 27, 2011

နေ၌ ဖြစ်ပေါ်တတ်သော နိမိတ်လက္ခဏာ

ရ၀ိခေါ်တုံ၊ ရက်ဂဠုန်၌ ၊ ရောင်ဟုန်ထွန်းပ ၊ သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ မှတ်ရန်ထိုပြီး၊ တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။
လို့ နေမှာဖြစ်တဲ့ နိမိတ်လက္ခဏာများ အကြောင်းကို နတ်စက်ရောင်ဆရာက မင်းပြောင်းမင်းလဲ လက္ခဏာများဆိုပြီး၊ ရေးသားစပ်ဆိုထားပါတယ် ၊  နေသွားပုံကိုကြည့်ပြီး ၊ စပ်ဆိုထားပုံပါ ၊ ဝေဒပညာ မှာ ၊ နေဟာ ဂြိုလ်တွေကို နေ့စဉ်လှည့်ပတ်ပါတယ် ၊ ဂြိုလ်တစ်လုံး ဒါမှမဟုတ် ၊ ဘာဝတစ်ခု ကို တစ်ခါ ဖြတ်သွားဘို့ ၊ နေဟာ ၂နာရီခွဲကြာပါတယ် ၊ နေကိုတော့ စန်းလို့ခေါ်ဆိုပါတယ် ၊ တရံတခါမှာ စန်း လို့ခေါ်တဲ့ နေဟာ အိမ်တစ်အိမ်ပြီး တစ်အိမ်အစဉ်လိုက်မသွားဘဲ ၊ တနေရာထဲမှာ ရပ်တန့်နေတာကို အိမ်ဖွဲ့တယ်လို့ ခေါ်တာဖြစ်ပါတယ် ။
သူရဇ္ဇလျှင်၊ ဖွဲ့ထအိမ်နေ ၊ ဖြစ်လာပေသော် ၊ မသွေ ပြည့်ရွာ၊ မီးသာအတိ၊ လောင်တတ်ဘိ၏။ ဆိုတာက နေဟာ တနင်္ဂနွေကိုဖြတ်ပြီး တနလာင်္ကိုမသွားဘဲ ၊ သူရဇ္ဇလို့ခေါ်တဲ့ တနင်္ဂနွေအိမ်မှာဘဲ ရပ်တန့်နေပါတယ် ၊ အဲသလို ကောင်းကင်မှာ နိမိတ်ဖြစ်ပေါ်နေပြီးဆိုရင်၊ မြေပြင်မှာ မီးလောင်ကျွမ်း တတ်ပါသတဲ့။
မှတ်သိတနလာင်္၊ ရက်ဒိဝါကား၊ ကညာနတ်တူ၊ တိုင်းတ ဆူက၊ ဆက်မူအမှန် ၊ မြဲဧကန်တည့်။ တနလာင်္မှာ အိမ်ဖွဲ့နေရင်တော့ဖြင့်၊ တိုင်းတစ်ပါးက သမီးကညာဆက်သမယ်လို့ ဆိုပါတယ် ။
တဖန်ဘောမာ၊ အိမ်ဖွဲ့လာသော်၊ ရာဇာမင်းလောင်း၊ ရောက် တုံရှောင်းအံ့။ အင်္ဂါအိမ်မှာ စန်းရှိရင် တော့ မင်းလောင်းရာဇာ ရောက်ရှိမယ်လို့ဆိုပါတယ် ။
တကြောင်းဗုဒ္ဓ၊ ပေါ်ထစစ်မက်။ ဗုဒ္ဓဟူးမှာ အိမ်ဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်တွင်းမှာ ပြည်တွင်း စစ်မက်ပေါ်ထွက်မယ်လို့ဆိုပါတယ်။
ဂုရုရက်ကား၊ ပျောက်ပြတ်ဘေးဒဏ်။ ဆိုတာကတော့ ကြာပတေးအိမ်မှာ စန်းကလာဖွဲ့နေပြန်ရင် တော့ ၊ တိုင်းခန်းပြည်ရွာမှာ အပြစ်ဘေးဒဏ် တွေမသင့်ဘူး လွတ်ငြိမ်းချမ်းသာခွင့်တွေဘာတွေ ရမယ်ဆိုပါတယ်။
တသီးသောကြာ၊ ဝေးရပ်ရွာက၊ ရတနာဆက်ရောက်။ သောကြာမှာ အိမ်ဖွဲ့ပြန်ရင်တော့ ၊ အဝေး ရက်ရွာက၊ ရတနာတွေဆက်သ ရောက်ရှိလာမယ်လို့ဆိုပါတယ်။
ထို့နောက်နဂါး၊ ရက်၌ငြားမူ၊ ပြည်သားချမ်း သာ၊ ၀ပြောစွာ၏၊ စနေမှာ စန်းဟာ အိမ်လာဖွဲ့နေပြန် ရင်တော့ ၊ တိုင်းခန်းပြည်ရွာ ချမ်းသာမယ်လို့ဆိုပါတယ်။
ထွက်ခါအစ၊ ဖွဲ့လတ်ကသော် ၊ မုချမလွတ်၊ ထမိန်ဝတ်တို့၊ ဥပဒ်ကြီးစွာ၊ ရောက် တတ်ရာ၏၊ တခါမွန်းလတ်၊ မင်းမှူးမတ်နှင့်၊ မင်းမြတ်၌သာ၊ ဘေးဆိုက်ရာသည်၊ နေမှာနိမိတ်၊ အဟောတည်း။ ဆိုတာကတော့ စနေအိမ်မှာ စန်းဟာ မွန်းမတည့်မှီ ၊ စပြီးဖွဲ့တယ်ဆိုရင်တော့ မိန်းမတွေမှာ ဘေးအန္တရာယ် ရှိပြီး ၊ မွန်းတည့်ချိန်မှာ အိမ်လာဖွဲ့တယ်ဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် သူနဲ့ အမတ်ကြီးများ မကြာမှီ အန္တရာယ်ဖြစ်ပြီး ၊ နတ်ရွာစံ ကံတော်ကုန်မယ်လို့ ဆိုပါတယ်။
ဘလော့စာရှုသူများ စာပေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုတောင်း လိုက် ပါတယ် ခင်မျာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

5 comments:

မိုးယံ said...

တူတို့ကသာ ဗုသုတ ကြွယ်စေချင်နေ.. မြန်မာစာကို မြန်မာလို ဖတ်နေတဲ့ မြန်မာတစ်ယောက်က မြန်မာရည် မလည်လို့လားမသိဘူး... မြန်မာစာကို မြန်မာ စကားပြေနဲ့ ပြန်ရေးပြတာတောင် မြန်မာလို နားမလည်ဘူး ဖြစ်နေတယ်.

ဒေါင်းမင်း said...

ရောက်တယ်ဗျာ..ဒီနိမိတ်လေးတွေသိခွင့်ရတာ
တော်တော်အဖိုးတန်တယ်။
တစ်ဆက်တည်း..သိခဲ့ရင်ခုလက်ရှိမြန်မာနိုင်ငံ
မှာဘယ်လိုဆန်းနိမိတ်တွေဖြစ်နေပါလဲဆိုတာ
သိချင်ပါတယ်။ကျွန်တော်သိသလောက်တော့
မြန်မာပြည်ဟာ၂၀၁၀၊၂၀၁၁၊၂၀၁၂။ဒီသုံးနှစ်
ဟာကံဆိုးတဲ့နှစ်လို့သိရပါတယ်။ဒီသုံးနှစ်ကျော်
ရင်တော့မြန်မာပြည်ဟာနှစ်ပေါင်းသုံးဆယ်
စည်ပင်တိုးတက်ပြီးကျော်ကြားတဲ့တိုင်းပြည်ပြန်
ဖြစ်လာအုံးမှာပါ။နှစ်သုံးဆယ်ပြည့်ပြီးရင်တော့
မြန်မာပြည်ဟာ..ပြန်လည်ပြီးမိုးမှောင်ကျအုံးမှာ
ပါအဲဒီအချိန်ယခုဖြစ်နေတာထက်ပိုဆိုးမယ်လို့
သိရပါတယ်။ငွေလမင်းတို့သိတာနဲ့ကျွန်တော်
သိတာဖလှည်ကြည့်ရအောင်။
ကျွန်တော်ပြောတာဟုတ်မဟုတ်စောင့်ကြည့်
ရုံမှတစ်ပါးအခြားမရှိ။ဆရာတော်ကြီးတစ်ပါး
တွက်ချက်မှုကိုပြန်ပြောပြတာပါ။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗဟုသုတကြွယ်တဲ့ ကိုကိုငွေ ချီးကျုးပါတယ်..
လေ့လာမှုအားအတော်ကောင်းတာဘဲ။
စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြတာ ကျေးဇူးဗျို့

ကိုအောင် said...

ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးဗျာ။

ကိုဇော် said...

ဖတ်ပြီး ဗဟုသုတလေးတွေ မှတ်သွားပါတယ်။