Tuesday, April 5, 2011

လွှတ်တော်ရှေ့က `ကျိုင်း´

                                        မြန်မာလွှတ်တော်ရှေ့က ကျိုင်း
                                          ဗြိတိသျှလွှတ်တော်ရှေ့က ကျိုင်း
                                                         ဗြိတိသျှ ပါလီမန်
                                                       မြန်မာပါလီမန်
                            တရားလွှတ်တော်ချုပ်ရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                                လွှတ်တော်တွင်းရှိ ဘုရင်မကြီးကို ကိုယ်စားပြုသည့် ကျိုင်း
                               လန်ဒန်မြို့တော်ဝန်၏ ဘုရင်မကြီးကိုယ်စားပြုသည့် ကျိုင်း
                                          ကျိုင်းကိုင် လုလင်ဆိုတာ သူပေါ့
 

နှစ်လပိုင်းတုန်းက ရန်ကုန်ပြန်တယ် ပြန်တော့ညဘက်တွေ သတင်းတွေဘာတွေ နားထောင်ဖြစ် တယ် ၊ အဲတုန်းက အများအားဖြင့်က လွှတ်တော်သတင်းတွေလေ၊ လွှတ်တော် တတ်တော့မယ် ဆိုရင် အရင်ဆုံး လွတ်တော်ဥက္ကဌရှေ့က ကျိုင်းကိုင်စာရေးက ကျိုင်းကြီးကို ထမ်းလာပြီး ကလပ် ပေါ်တွင် တင်ပြီးမှ အခမ်းစတင်ပြီ ဖြစ်ကြောင်း သဘာပတိက တူထုခါ လွှတ်တော်ကို စတင်သည် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်တွေ့မြင်လိုက်ပါတယ်။

တူမတွေ တူတွေက အဲဒီ တင်းပုတ် လိုလို ဘာလိုလို ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ ဟာကြီးကို ဦးလေးဖြစ်သူကို ဘာကြီးလဲ လေးလေးလို့မေးတော့ ဦးလေးဖြစ်သူက ကျိုင်းတော့ လို့တော့သိတယ် ဘာလို့ဆို ကျိုင်းဆိုတာ ဘင်ခရာတီးဝိုင်းမှာလဲ ပါတယ်လေ ဘင်ခရာလေးဘာလေး တီးခဲ့မှုတ်ခဲ့ဘူးတော့ အဲဒါကျိုင်းကွယ့် တူလေး တူမလေးတို့ရဲ့ လို့ပြောလိုက်ပေမဲ့၊ တူတွေတူမတွေက ကျေနပ်ပုံမပေါ်ဘူး ကျိုင်းကြီးက ဘာလို့ဒီနားလာထားတာလဲ လေးလေး ဆိုတော့ ကျွန်တော်လဲ ဆက်မပြောတတ်တာနဲ့ `ပျောက် မှာဆိုးလို့ကွ သူကရွှေဆိုတော့ အဘိုးတန်တယ်လေ လူကြီးတွေ အစည်းဝေးလုပ်နေတုန်း လူမ သွားရင် ရွှေ၆ပိဿာ ဆုံးမှာကိုးကွ ဟဲဟဲ အဲဒါကြောင့်ယူလာတာ´။အဲလိုသလို ခပ်တည် တည်လေးနဲ့ ရွှီးလိုက်တော့ ၂တန်းသာရှိသေးတဲ့ တူနဲ့ တူမက ယုံတာပေါ့ ကျွန်တော်အ ဖြေကို တူတွေ တူမတွေ တော်တော်သဘောကျသွားတယ်၊ ဟုတ်တယ်နော် လေးလေး ရွှေတွေနဲ့ လုပ်ထားတာ ဆိုတော့ ဟိုလူကလိုချင်ဒီလူက လိုချင်နေမှာပေါ့ `ဟုတ်တာပေါ့ကွ´ ။

ခလေးကိုညာချတယ်လို့တော့ စာဖက်တဲ့လူတွေကို မထင်စေချင်ဘူး ကျွန်တော်လဲသိမှမသိတာ မသိတာနဲ့ အဲလိုဘဲဖြေလိုက်တာပေါ့ ၊ စိတ်ထဲမှာတော့ တူလေးတူမလေးတွေ အရွယ်ရောက် လာရင်တော့ ကျိုင်း အကြောင်းကို နားလည်အောင်ရှင်းပြမယ်လို့ တော့တွေးထားပါ တယ်၊ အခုအင် တာနက်ကနေ ရှာဖွေဖက်ရှုနေတာ တော်တော်လေး ကျိုင်းအကြောင်းကို သိနေ ပါပြီ၊ အဲဒါကြောင့်  ကျိုင်းအကြောင်းကို သိသလောက် ဖောက်သယ်ချပါ့မယ်နော်။ 

ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့သုံးနှုန်းတယ်၊ မြန်မာလိုအဓိပ္ပါယ်ကတော့ အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊ မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့ ကျိုင်းဆိုတာ မြင့်မြတ် သောအခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်လို့ ဆိုပါတယ်၊ ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင် အယောင် တစ်ပါးဖြစ်၏။ ဘုရင်က ခြီးမြောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့် အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အမှုထမ်း များက ကိုင်ဆောင်၍ လိုက်ပါရ၏။

ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်၏။ အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက် စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရပြီး။ တစ်ခါတစ်ရံ ကျိုင်းကိုရှေ့ မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း'ဟူသော စကားအရ၄င်း၊ လွှတ်တော် သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း' ဟူသော စကားအရ၄င်း သိရ လေသည်။

ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄- လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာ အခမ်းအနား များတွင်သာမက အသုဘအခမ်းအနားများတွင် လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှု ထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။

ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍၄င်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့် သည်' ဟူ၍၄င်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့တွင် ငွေဖြင့်ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏ မြင့်မြတ်သော အခွင့် အာဏာကိုပြ၏။ မြန်မာမင်းများ လက်ထက်ကျိုင်းနှင့် ယခုလွှတ်တော် တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်းကား မတူချေ။ (ရှေးမြန်မာမင်းများလက်ထက် ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန် ရှိပြီး ရွှေထီး ကဲ့သို့ အောက်ခြေခုံတွင် ထောင်ထားရသည်)

 အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြု သည့် အနေဖြင့် ထားသောကျိုင်းဖြစ်သည်၊ မြန်မာလွှတ်တော်တွင် ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်သည်၊ဥက္ကဋ္ဌဌနှင့် နာယကသည် လွှတ်တော်အစည်း အဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။

သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္က ဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။ လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်း အဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထက် (ရဲချုပ်သို့မဟုတ် ရဲဝန်ကြီး)  အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။

နိုင်ငံတော်တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါကျိုင်းနှင့် ဝင်ကြသည်။ တရားဝန် ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ် လည်း ဖြစ်သည်။

တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထား၏။ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင် လုလင်က ကြမ်းပြင် ကိုကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက် သည်။ ယင်းသိြု့ပု လုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။ တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်း ကိုင်လုလင်က ဝင်လာသည့် နည်းတူ တရား ဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။

ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် အပြင်၊  စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင် မကြီး ရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေး တိုင်းအတွက် ဘုရင် မကြီးက မတတ်ရောက်နိုင်တာရှိပါတယ် ။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထား တာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို  ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။

ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံ များတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။ အင်္ဂန်နိုင်ငံ လန်ဒန်မြို့ တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိသလို ။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက် ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင် အောင် ပြုလုပ်ထားသလို ။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက် သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။

တချို့သော သူများက မြန်မာလွှတ်တော်တွင် ကျိုင်း ထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုတာ ကိုတွေ့မြင်ဖူးပါသည်၊ မဟုတ်ပါ ကျိုင်းထားခြင်းကို မြန်မာလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်းမင်းနား များတွင် ဖက်မှတ်ဖူးပါသည် မည်သို့ပင် ဖြစ်စေ ကျိုင်းဟူ သည် ၊ ယဉ်ကျေးမှုအဆင်အလာအားဖြင့် ကြီးမား သောတိုင်းနိုင်ငံများတွင် အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ် ချ လိုက်ရပါတယ်။

စာရှုသူများ အထွေထွေဗဟုသုတ ကုံလုံကြွယ်ဝကြပါစေကြောင်း ငွေလမင်းတို့က ဆုမွန်တောင်းပါ တယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်မျာ။


10 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ဗဟုသုတလေးတွေ ဖတ်သွားတယ်နော်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့ပို့စ်လေး...၊ပျောက်မှာစိုးလို့ ထားတာလား...
ဟိ..ရီလိုက်ရတာ...:)))

မိုးယံ said...

သေသေချာချာ ဖတ်တယ်.. မြင်ဖူးအောင် သေချာကြည့်တယ်.. ကျေးဇူးတင်တယ်ကိုကိုငွေရယ်...

တူမောင် မိုးယံ

PhyoPhyo said...

ကျိုင်းအကြောင်း မသိဘူး၊ မြန်မာကျိုင်း အင်္ဂလန်ကျိုင်း ကျိုင်းအကြောင်းစုံပြောပြသွားလို့ ကျေးဇူးတင်ပါတယ်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ပိုစ့်လေး ကိုကိုငွေရေ..
သေချာကို လေ့လာပြီး ရေးထားတာမို့ အားထုတ်မှုအတွက် အမှတ်ပြည့်ပေးလိုက်တယ်..
မြန်မာတွေ သိထားသင့်တဲ့ အချက်တွေပါဘဲ
သူတပါးက ကျိုင်းဆိုတာ ငါတို့ဆီက အတုခိုးတာပါကွာလို့ပြောလာရင် ချက်ကျလက်ကျ ပြန်ပြောလို့ ရပြီပေါ့။
တကယ်တော့ ကိုယ်ပိုင်ယဉ်ကျေးမှုဟာ အတုခိုးထားတဲ့ ယဉ်ကျေးမှုထက် မြတ်နိုးတန်ဖိုးထားဖို့ ကောင်းပါတယ်.
ကျေးဇူးအများကြီးတင်တယ်..
ငွေမောင်နှံလဲ ပျော်ရွှင် ကျန်းမာ အဆင်ပြေပါစေ

Raymond.Kyaw Minn Naing said...

နို့.. ဒို့ကလဲ အင်္ဂလန်လို ခုထိ ဘုရင်စနစ် ပဲလား.....

စော(အဝါရောင်မြေ) said...

အဲဒါဆို မြန်မာပြည်က ကျိုင်းက ဘယ်သူ့ ကိုယ်စားထားတာလဲ။ ခုဟာက ကျမ်းစာအုပ်လို ဖြစ်နေမယ်ထင်တယ်။

Scalpel said...

ကျေးဇူး အများကြီးတင်ပါတယ် အခုလို လေ့လာပီး ရှင်းပြပေးတာ။ ခုမှ သေချာသိတာပါ။

ဒေါင်းမင်း said...

အခုလိုအများသူငါသိရအောင်တင်ပေးတာ
ကျေးဇူးတင်ပါတယ်။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

April khin said...

ကျေးဇူးးတယ်ပါတယ်