Thursday, September 15, 2011

မထောက်ခံပါ ခင်များ (တဂ်)

ခုတလော ဘလော့အချင်းချင်း တဂ်ပို့လေးတွေရေးပြီး၊ အချင်းချင်း အမြင်ဖလှယ်ကြတော့၊ ကိုကိုငွေတို့ရဲ့ ငွေလမင်းဘလော့ကလည်း တစ်စခမ်းထပြီး၊ ဟိုလူ့တဂ်ချင် ဒီလူ့တဂ်ချင်နဲ့၊ တဂ်ရောဂါ ရလာတယ်ပေါ့ဗျာ၊ ဇနီးတောင်ညာစံ ဒေ၀ီမဟေသီ မဒမ်ငွေကလည်း၊ တဂ်ပို့ရေးပါရန် တောင်းဆိုလာပြန်တော့၊ ကိုကိုငွေလည်းတဂ်ပိုစ့်တခု တဂ်ဖြစ်သွားတယ်ပေါ့ဗျာတို့ရယ်။ အခုရေး မဲ့တဂ်ပို့ကတော့ အခြားမဟုတ်ပါဘူး၊ ကမ္ဘာတလွှားခေတ်စားနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အထက် ပိုင်း မြစ်ဆုံဒေသမှာ ဆောက်လုပ်ဆဲ၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးအကြောင်း ပါပဲဗျာတို့။

 သတင်းနဲ့မီဒီယာဆိုတာကြီးကို ကမ္ဘာနိုင်ငံအသီးသီးမှာဖြင့် စတုတ္ထမဏ္ဍိုင်လို့ ဆိုချေ တယ်ပေါ့ဗျာ၊ စတုတ္ထမဏ္ဍိုင်လို့ဆိုလိုက်တဲ့အခါ၊ စာနဲ့ရေးတဲ့သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဘလော့ တို့အပြင်၊ အသံနဲ့လွှင့်တဲ့လေလှိုင်းအသံ၊ ရုပ်ရောအသံရော အကုန်ကြားရမြင်ရတဲ့ သတင်းတွေပါ အကျုံးဝင်ပေသပေါ့ဗျာတို့ရယ်၊ အဲဒီစတုတ္ထမဏ္ဍိုင်ဆိုတာကြီးဖြင့်လည်း နိုင်ငံတိုင်း ကပြည်သူတစ်ဝက် အစိုးရတစ်ဝက်ပိုင်ကြတာကြီးပါပဲ၊ နိုင်ငံပိုင် မီဒီယာတွေရှိသလို ၊ ပုဂ္ဂလိကပိုင် မီဒီယာတွေလည်း ဒုနဲ့ဒေးပေါ့၊ နိုင်ငံတိုင်းဆိုပေသိ၊ အာဏာရှင်တွေ အုပ်စိုးတဲ့ အရပ်ဒေသတွေ မပါပါဘူးဗျာရယ်။

 မြောက်ကိုးရီးယား တို့လို၊ တချိန်က လစ်ဗျားတို့လို့၊ အဲလိုနိုင်ငံတွေမှာတော့ မရှိပေဖူးပေါ့၊ ယခုမြန်မာနိုင်ငံတော်ကြီးဟာ အင်မတန်မှ ၀မ်းသာဖွယ်ကောင်းလောက်အောင် ထင် လင်းမြင်သာတဲ့ အစိုးရတစ်ရပ်ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့်၊ ယခင်အစိုးရခေတ်ကဲ့သို့၊ မီဒီယာ ကိုချုပ်ချယ်ခြင်း အလျှင်းမရှိတာကို တွေ့မြင်လာရသလို၊ အရင်အစိုးရများ နှစ်ချီပြီး လုပ် ခဲ့တဲ့ အမျိုးသားရေး အပေါင်းလက္ခဏာဆောင်မှု့တို့ကိုလည်း တစ်လအတွင်းမှာ ပီပီပြင်ပြင်လုပ် ပြသွားတဲ့အတွက်၊ ခေတ်ရောစနစ်ပါ ပြောင်းလာပြီးဆိုကြပါစို့ဗျာ၊ သို့ကလိုမင့်လေလည်း `ဆွမ်း ဆန်ထဲ ကြက်ချေးရော´ဆိုတဲ့ စကားပုံလို၊ မြန်မာစာမတတ်ပဲ သြဘာစာထဖတ်တဲ့ဝံကြီး ၀ံကလေး အလွှေးအမွှားတွေလည်း၊ ဒီခေတ်ဒီစနစ်ထဲရှိကြ တယ်ပေါ့ဗျာရယ်။

 အစကတော့ တစ်ယောက်လောက်ရှိတာ မှတ်တာ အခုတော့ နှစ်ယောက်ဖြစ်သွားတယ်ပေါ့၊ ဒါကြောင့် အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ အဲဒီဝံကြီးဆိုသည့်မောင်ကို တော်တော်များများ ပြန်လှန်ချေပတဲ့ စာတွေ ပညာရှင်မျိုးစုံက ရေးသားပြီး ဂျာနယ်မျိုးစုံက ဖော်ပြကြတယ်ဗျာ၊ ဝေဖန်ကြတယ်၊ စာရေးဆရာတွေကလည်း ‘Save The Irrawady’ ဆိုပြီး ခေါင်းစဉ်နဲ့၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာကိုတာ၊ ဦးထွန်လွင်(မိုးလေ၀သ)တို့က ပြီးခဲ့တဲ့၁၀ ရက်နေ့က မင်္ဂလာဒုံ ဥယျာဉ်မြို့တော်က မဟာဂန္တာရုံ ကျောင်းတိုက်မှာ ပြုလုပ်ကြတယ်ဗျာ။

 အခုကျွန်တော် တဂ်ပို့က ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံပိုင် အမျိုး သား အမွေအနှစ်ကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်စုံ ရေကာတာကြီးကို တစ်ဦးပိုင် တစ်ယောက်ပိုင် အနေအထားမျိုးနဲ့ ရောင်းစားတော့မဲ့အရေး ဧရာဝတီမြစ်ကို သားမြေးစဉ်ဆက် မမြင်ဘူးတော့မဲ့ အရေး၊ ဧရာဝတီမြစ်ကို မှီခိုသောက်သုံးနေတဲ့ လူတွေရေငတ်မဲ့ဘေးကို ကချင်ပြည်နယ် တခုလုံး မြန်မာမြေပုံပေါ်ကနေ ရေပြင်ဖြစ်သွားမဲ့အရေး စတာတွေကို လျစ်လျူရှု့ပြီး နိုင်ငံသား တွေရဲ့ ဆန္ဒနဲ့ ဖီလာပြုပြီး အတင်းအဓမ္မ ပြုကျင့် ပြောဆိုနေတဲ့ လူရမ်းကားတစ်ယောက်ရဲ့ လုပ်ရပ် ပြော ဆိုချက်တွေကို စတုတ္ထမဏ္ဍိုင်မှာ အကျုံးဝင်တဲ့ ဘလော့ကာတွေ ဘာကြောင့်လက်ရှောင်နေသလဲ ဆိုတာကို  ကျွန်တော်နားမလည်အောင်ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့် ဒီပိုစ့်ကို မြန်မာနိုင်ငံသား ဘလော်ကာတွေ အားလုံး ကိုယ့်အမြင်ကို ကိုယ်ထုတ်ဖော်ပြီး ကန့်ကွက်ကြဖို့ တာဝန်ရှိတယ်လို့ ယူဆလို့ ဘလော်ကာအားလုံးကို တဂ် လိုက်ပါတယ်၊ ဖြစ်နိုင်ရင် ဘလော်ကာအားလုံး နေ့တနေ့ သတ်မှတ်ပြီး အဲဒီသတ်မှတ် ထားတဲ့နေ့မှာ တဂ်ပိုစ့်ကို ပြိုင်တူတင်ကြဖို့ စိတ်ကူးမှိပါတယ်။ (မဖြစ်နိုင်ဖို့များပါတယ်)

`မတရားမှု့တခုမှာ၊ မင်းဟာကြားနေမယ်ဆိုရင်၊ မင်းဟာအဲဒီမတရားမှု့ကို အားပေးလိုက် တာပဲ´လို့ မာတင်လူသာကင်း ပြောခဲ့ဖူးပါတယ်၊  နိုင်ငံပိုင်ပစ္စည်းကို ကာကွယ်စောင့်ရှောက် ဖို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်၊ ဒါဟာ တာဝန်တခုပါပဲ၊ နိုင်ငံပိုင်ပစ္စည်းဆိုသည်မှာ နိုင်ငံသားအားလုံးနဲ့ သာစပ်ဆိုင်ပါတယ်၊ နိုင်ငံပိုင်ပစ္စည်းကို နိုင်ငံသားတွေက တင်မြှောက်ထားတဲ့ လွှတ်တော်ကသာလျှင် စီမံခန့်ခွဲခွင့်ရှိပါတယ်၊ တဦးတစ်ယောက်သို့မဟုတ် အဖွဲ့အစည်းတခုခုက စီမံခန့်ခွဲခွင့် အခွင့် အာဏာမရှိပါ၊  စီမံခန့်ခွဲခြင်း အခွင့်အာဏာမရှိဘဲ၊ အခွင့်အာဏာရှိသယောင်  ပြုလုပ်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းကို နိုင်ငံတော်ပိုင်ပစ္စည်းများ အလွဲသုံးစားမှု့နှင့် တရားစွဲဆို လို့ရကြောင်း ရာဇသတ်ကြီးဥပဒေမှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်၊  ဒါကြောင့် ရာဇ၀တ် မှု့ကျူးလွန်သူကို ကျူးလွန်နေတယ်လို့ပြောတာ အပြစ်ရှိတယ်လို့ ကျွန်တော် မခံစားရပါဘူး။

ယခုလည်း ထိုထိုပြစ်မှု့ကိုကျူးလွန်ဖို့ရန် နှုတ်ဖြင့် ဆော်အောနေသော အပြစ်သား ကို ကျွန်တော်တို့က  နိုင်ငံသားတွေရဲ့ရေးသားပြောဆိုခြင်းအခွင့် အာဏာနဲ့ ရေးသားခြင်းဖြစ်ပါ တယ်၊ အရင်ခေတ် ကဆိုရင်တော့ ထောင်ကျနိုင်ပါလိမ့်မယ်၊ ယခုခေတ်မှာ ထောင်လည်းမကျနိုင် တော့ပါ၊ ပြစ်ဒဏ်ကျခံထားရသူများကိုပင် နိုင်ငံတော်သမ္မတကြီးက သဘောထားကြီးစွာဖြင့် ပြည်ဝင်ခွင့်ပြန်လည်ပေးအပ်နေပြီ ဖြစ်သဖြင့်၊(ပြန်ရောက်သူများလည်းရှိနေပြီ) နိုင်ငံအကျိုးစီး ပွားအလို့ငှာ ရေးသားသော ကျွန်တော်တို့ ဘလော့များကို သမ္မတကြီးသိလျှင်ဖြင့် နိုင်ငံသားပီ သကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် `သီရီပျံချီ´ ဘွဲ့တောင်ချီးမြှင့်ဖွယ်ရှိပါတယ်။

နိုင်ငံနဲ့လူမျိုးပေါ် မတရား လုပ်နေတဲ့ ဖြစ်ရပ်ကို ကျွန်တော်တို့ဘလော်ကာတွေက မသိချင် ယောင်ဆောင်နေမယ်၊ အဖမ်းခံရမှာကြောက်လို့၊ ဘာဖြစ်မှာ ညာဖြစ်မှာကြောက်လို့နဲ့၊ နောက်တွန့်နေလိုက်ရင် ဧရာဝတီမြစ်ကြီး ပျက်သုဉ်းသွားတဲ့ သမိုင်းအမဲစက်ကြီးမှာ ကျွန်တော်တို့လည်း တစ်တပ်တအား ပါဝင်နေပြီဆိုတာ သတိပြုဖို့လိုပါတယ်။

ဒီမြစ်ဆုံကိစ္စကို ကျွန်တော်ပိုစ့်တခုရေးခဲ့ဖူးပါတယ်၊ နှစ်လည်းမနှစ်သက်ပါဘူး၊ ကျေလည်းမကျေနပ် ပါဘူး၊ အဲဒီစီမံကိန်းကြီးကို လုံးဝကိုမဖြစ်စေချင်ပါဘူး အဲဒီမကျေနပ်တဲ့အထဲမှာ စက်မှု့(၁) ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တဲ့ အခုစကားရပ်တွေကို ပိုပြီးမနှစ်သက်ပါဘူး၊ သူပြောပုံတွေဟာ နိုင်ငံပိုင်ပစ္စည်းတခုကို အကျိုးရှိစီမံကိန်းတခုအဖြစ် ဝေဖန်ပိုင်းခြားပေးနေသည့် အသွင်သဏ္ဍာန်မဆောင်ပဲ၊ သူ့ခြံထဲ မှာစိုက်ထားတဲ့ သရက်သီးကို ရောင်းကွက်တင်ဖို့ အရောင်းမြင့်တင်နေတဲ့ လူတစ်ယောက်ရဲ့ ပြောဆိုသည့် အသွင်ဆောင် နေပါတယ်၊ တနည်းပြောရရင် ဈေးခေါ်နေသယောင်ထင်ရပါတယ်။

နိုင်ငံတခုရဲ့ဝန်ကြီးဌာနတခု ကိုဦးဆောင်သမှု့ပြုနေသူ ၀န်ကြီးတဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတဲ့ စကားရပ်လေးတွေကို ၊Weekly News သတင်းဝက်ဆိုက်မှာသာ ကြည့်လိုက်ကြ ပါတော့ဗျာတို့ရယ်။ ကျွန်တော် ဒီမြစ်ဆုံကိစ္စကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်ပြန်တော့ သူငယ်ချင်းတွေက ရန်ကုန်သားမို့ ဧရာဝတီမြစ်နဲ့ မဆိုင်ဘူးလို့ဆိုပြန်ပါတယ်၊ မင်းဘာသာ ရေးချင်ရင် မင်းဘလော့မှာ ဘလော်ကာတွေနဲ့ တိုင်ပင်ရေးတဲ့၊ ကျွန်တော်အပြစ်မမြင်ပါ ရန်ကုန် သားဖြစ်စေ ၊ မန္တလေးသားဖြစ်စေ ဧရာဝတီမြစ်နှင့် မဆိုင်ဟု ပြောဆိုလို့ရပါတယ်၊ သို့သော် နိုင်ငံ ပိုင် အမွေအနှစ်ကြီးတစ်ခု လို့ဆိုလိုက်ရင်တော့ဖြင့် မြန်မာနိုင်ငံသား အားလုံးနဲ့သက်ဆိုင်နေသည် ကိုမိမိက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မုချလက်ခံရမှာပဲဖြစ်ပါတယ်။

ကျွန်တော့် သူငယ်ချင်းက သူလိုငါလို အရပ်သားတစ်ယောက်မျှသာ ဖြစ်ပါတယ် ငါနဲ့မဆိုင်ဟု ပြောဆိုလာရင်ဖြင့် ပြဿနာမရှိသော်လည်း ၊ ၀န်ကြီးဋ္ဌာန တခုက ၀န်ကြီးမှ  ထိုသူငယ်ချင်း ပြော သလိုပြောလို့မရပါ၊ ပြောလို့မရသကဲ့သို့ ထိုစကားရပ်ကို သရုပ်ပြစေသကဲ့သို့ ဖြစ်စေသော ပြောဆိုမှု့များကို ရှောင်ရှားဖို့လိုပါတယ်။ ယခုသတင်းစာရှင်း လင်းပွဲမှာ ၀န်ကြီးပြောဆိုသော စကားများသည် ငါနှင့်မဆိုင်ဆိုသော စကားရပ်ကို သရုပ်ဖော်သကဲ့သို့ ဖြစ်နေ သည်ကို ၀န်ကြီး၏ သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသွားသော စကားရပ်များကို ထောက်ချင့်ကြည့်ရှု့ပါက တွေ့မြင်ရနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ၀န်ကြီးက မီးအားတွေ ပိုနေလို့ ဈေးကွက်သဘောအရ ရောင်းစားရတာ ဖြစ်ကြောင်းပြောဆိုပါတယ်၊ မြန်မာနိုင်ငံသား အားလုံးသည် ဧရာဝတီကို အဆုံးရှုံးခံပြီး ဘယ်သူမှ မီးလင်းချင်ကြမည်မဟုတ်ပါ၊ ကျွန်တော်တို့ ငယ်စဉ်ကတည်း မီးစက်တလှည့်၊ အင်ဗာတာ တခါ၊ ဖယောင်းတိုင်းမီးနှင့် တသွယ် နေထိုင်ကြီးပြင်း လာသည့်လူမျိုးများက အများစုဖြစ်ပါသည်။ ကျွန်တော်ကတော့ ဧရာဝတီကို အသုံးပြုပြီး မီးလည်းမလိုချင်ပါ၊ ဧရာဝတီမြစ်ကိုသာ လိုချင်ပါ သည်။ အင်တာနက်မှာ ဘလော့ရေးသားနေသူ အားလုံးကလည်း ကျွန်တော့်လိုပင် ဧရာဝတီမြစ် ကြီးကို လိုချင်ကြပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်အပါဝင် မိသားစုအားလုံးက ဒီဧရာဝတီမြစ်ဆုံ ရေကာတာ ကိစ္စကို အကျွင်း အကျန်မရှိ ကန့်ကွက်ပါတယ်။

ကျွန်တော်ငယ်စဉ်က ဇော်ဋီကာ စာအုပ်ကို ရေးသားသူ ဒေါက်တာကျော်စိန်ရဲ့ အသုံးချစိတ်ပညာ စာအုပ်မှာ ဤကဲ့သို့ ရေးသားထားသည်ကို မှတ်သားဖူးပါတယ်။ `ကျွန်ုပ်တို့ မြန်မာလူမျိုးတို့ သည်၊ ဘာသာတရား၏ အဆုံးအမကို လက်ခံကျင့်သုံး ကြသည့်အားလျှော်စွာ ပါဏာတိပါတာ သူ့အသက်သတ်ခြင်းတည်းဟူသောစာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းတတ်ကြပါသော်လည်း၊ သူ့အသက်ကို ကယ်ယူခြင်းအကျိုးငှာ ဆေးရုံဆေးခန်းတို့ကို ပေးကမ်းလှူဒန်းခြင်းတည်း ဟူသော ၀ါရိတ္တသီလမျိုးကို မစောင့်ထိန်းတတ်ကြပေ။ ထို့အတူ အဒိန္နာဒါနာ - သူတပါးပစ္စည်းကို မခိုးယူ ခြင်းတည်းဟူသော၊ စာရိတ္တသီလကို လုံခြုံစွာ စောင့်ထိန်းကြပါသော်လည်း၊ ၀ါရိတ္တသီလ တည်းဟူ သော အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းတို့ကို မပျက်ဆီးအောင် မစောင့်ရှောက်တတ်ကြပေ´။ လို့ရေးသားထားသည်ကို မှတ်သားမှိပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံပိုင် အမွေအနှစ်ကို ထိန်းသိမ်းခြင်းသည် ၀ါရိတ္တသီလ တနည်းအားဖြင့် စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တခုပင်ဖြစ်ပါ၍၊ လူ့ကျင့်ဝတ်ကို လက်ခံကျင့်သုံးသည့် နိုင်ငံသားတစ်ယောက် ဖြစ်သည့်အားလျှော်စွာ နိုင်ငံပိုင် အမွေအနှစ် ပစ္စည်းတခုပျက် ဆီးစေမည့် စီမံကိန်းတခုဖြစ်သော  မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက်ပါ ကြောင်း ရေးသား တင်ပြရင်း၊ မြန်မာဘလော်ဂါ အားလုံးကို ဒီပိုစ့်ကို တဂ် လိုက်ပါကြောင်း။

ဘလော့စာရှု့သူများ ၀ါရိတ္တသီလ ခိုင်မာစွာ ဆောက်တည်နိုင်ပါစေကြောင်း၊ ငွေလမင်းတို့က ဆုမွန်တောင်းလိုက်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ။


15 comments:

မင်းဧရာ said...

အကိုကြီး...
ကျွန်တော်ကတော့ ဦးဦးဖျားဖျား တဂ်စာ မိသွားရချေပြီ
ဖြစ်သင့်တဲ့အရာ တစ်ခုပါ မြန်မာ နိုင်ငံ သားတစ်အဖြစ်နှင့်တင် မကပဲ ဧရာဝတီ ကမ်းစ မှာအကြိမ်းပေါင်းများစွာ မေးတင်ခဲ့ဘူးသူ အဖြစ်နှင့်ပါ ကြိုးစားပြီးရေးပါအုံးမည် ထို့အတူပဲ ဘလောက်ဒ်ဂါ အားလုံးကိုလည်း ရေးစေ့ချင်ကြောင်း ထပ်လောင်းခဲ့ပါတယ်။

မောင်ဘုန်း said...

အားရား ... အရင် ဆုံး ထောက်ခံတဲ့သူ ချင်လို့  မြန်မြန်လာတာ နောက်ကျသွားပြီရော...
ဧရာဝတီ မြစ်ကို မှ ကြံကြံ ဖန်ဖန် လုပ်တယ်ဗျာ ...
မြန်မာပြည်မှ မြစ်တွေမှ အများကြီး ....
ဧရာဝတီဆိုတာ ... မြန်မာပြည် အလယ်အနေ စီးဆင်းနေတဲ့ ... မြန်မာ ပြည်ရဲ့ သွေးကျော ဖြစ်ပါပြီ ...
ဒီ သွေးကျော ကို ဖြတ် ပစ်ရင် .. ဘာတွေ ဖြစ်ကုန်မလဲဗျာ ...

ကိုအောင်(ပျူနိုင်ငံ) said...

ဘယ်ဘလော့မှာမှ ဧရာဝတီမြစ်ဆုံကိစ္စကို မဝေဘန်ကြဖူးဗျ ... ဒီစာသားကတော့ မဟုတ်သေးပါဘူး ကိုငွေလမင်းရယ်၊ ကျနော့်ဆီမှာ ဧရာဝတီကို ချစ်သော ဘလော့ဂါများဆိုပြီး တင်တာ တော်တော်ကြာပါပြီ ဗျာ ...

Anonymous said...

ဘလော့ဂ်ပေါ်တွေမှာရေးနေကြလည်းပဲ သဲထဲရေသွန်သလိုပဲ ဖြစ်သွားမယ်ထင်ပါတယ်။ သေနတ်ကိုင်ထားတဲ့အာဏာပိုင်တွေက ဒီဘလော့ဂ်တွေဘာတွေကို စိတ်ဝင်စားနေမှာ မဟုတ်ဘူးထင်တယ်။ သူတို့လုပ်ချင်တာတွေ ဆက်လုပ်နေကြမှာပဲလေ။

Anonymous said...

သေနတ်ကိုင်ထား အာဏာပိုင်များကတော့...

ညီရဲ said...

ဒီမြစ်ဆုံ စီမံကိန်းကို ကျွန်တော်လဲ ကန့် ကွက်ပါတယ်ဗျာ...

ကိုကိုးအိမ်(မန္တလေး) said...

ငွေ အော် ဇေရေ ကျုပ်ကတော့ ရေးပြီးသားရှိတယ်... ဒါပေမယ့် ဇေတဂ်လို့ တစ်ပုဒ်ထပ်ရေးထားတယ်... လာဖတ်ဦး... ဧရာနဲ့ ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ ဆိုပြီးတော့... တက်သွားဘီ..... ဂစ်ဂစ်

ခင်မင်စွာဖြင့်

Anonymous said...

`သီရီပျံချီ´ မရရင် လည်းရပါတယ် ...

ဘလော့ဂ်ဂါ တော်တော်များများ ဧရာဝတီ ကို ကာကွယ်ဖို့ ပိုစ့် တွေ ရေးကြပါတယ်...

ဒါပေမဲ့..ဒါပေမဲ့..

မြန်မာပြည်သူပြည်သားတိုင်း ဧရာဝတီ ကိုချစ်သလို ဘယ်သူမှ လည်း စီမန်ကိန်း ကိုထောက်ခံမယ် မထင်ပါဘူး..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ဘလော်ဂါတော်တော်များများ တတ်နိုင်သလောက်တော့ ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးနေကြတာပါဘဲ
ဒါပေမဲ့ အဲဒီလို ရေးနေတာနဲ့လည်း သူတို့ဘက်က လက်လျှော့မဲ့သူတွေမဟုတ်တာ သေချာပါတယ်။
ဒါပေမဲ့လည်း ရေးစရာရှိတာတော့ ရေးနေကြဦးမှာပါဘဲ။
ဒီမြစ်ဆုံစီမံကိန်းကြီးလုပ်ခွင့်ရဖို့ တရုတ်တွေက တာဝန်ရှိသူတွေရဲ့ အိတ်ထဲကို ဘယ်လောက်ထည့်ထားပေးပြီးပြီလဲဆိုတာ ကိုယ်တွေလဲ မသိနိုင်တော့ခက်ပါတယ်
ဒါပေမဲ့ နည်းနည်းလေးပေးထားရုံလောက်နဲ့ ဒီစီမံကိန်းဖြစ်မလာဘူးဆိုတာ သေချာတယ်။ မပေးဘဲလည်း မဖြစ်လာနိုင်ဘူးဆိုတာ သေချာတယ်။
စားထားတာ ယူထားတာတွေ သိပ်များနေပြီ
သူတို့ဘက်က မလုပ်နဲ့လို့ မပြောနိုင်တော့တာ သေချာတယ်။
နိုင်ငံတော်မှာ တိုင်းတပါးက စီမံကိန်းတစ်ခုခုလုပ်ဖို့ အထက်လူကြီးတွေကို ပေးကမ်းရတာ ထုံးစံလိုဖြစ်နေပြီ
ခုလို စီမံကိန်းကြီးမျိုးဆိုရင် ဒေါ်လာနဲ့တွက်ရင် သန်းနဲ့ချီတဲ့ ငွေကြေးဟာ သူတို့ရဲ့ ကိုယ်ပိုင်အိတ်ထောင်ထဲ ရောက်ပြီးနေပြီ။ ဒါ အမှန်တရားတစ်ခုဘဲ.. မယုံရင် ကြိုက်သလိုစုံစမ်းကြည့်
ရှက်ဖွယ်လိလိ အကျင့်ပျက်ခြစားတဲ့ နိုင်ငံတော်လူကြီးမင်းများရဲ့ လာဘ်စားမှုကို တွေ့ရပါလိမ့်မယ်။

ညိမ်းနိုင် said...

အင်း.....အဲ့ ဝံဂျီးစကားကတော့ တကယ့်တောရမ်းမယ်ဘွဲ့
ပါပဲကိုကိုငွေရာ...၊စိတ်ပျက်စရာ....

ချော(အစိမ်းရောင်လွင်ပြင်) said...

မထောက်ခံတာကတော့ လုံးဝကို မထောက်ခံပါဘူး
ဘယ်နည်းနဲ့မှ မထောက်ခံဘူး။
ရာသီဥတုဖောက်ပြန်ပျက်စီးနေတဲ့ ဒီခေတ်မှာတကယ်တမ်းက သဘာဝပတ်ဝန်းကျင်တွေကို ပိုပြီးထိန်းသိမ်းရမှာ။
ရာသီဥတုဆိုးဝါးဖောက်ပြန်လို့ ဒီဆည်ကြီးက တစ်ခုခုဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရင် ဆည်ဆောက်ဖို့ သဘောတူကြတဲ့ လူကြီးမင်းများ ဘယ်လိုတာဝန်ယူမှာလဲလို့ဘဲ မေးချင်တယ်။
ဘာမှမဖြစ်ပါဘူးလို့ ပြောနေတာထက်စာရင် ဖြစ်လာရင် ဘယ်လိုလုပ်ပေးပါမယ်ဆိုတာ ပြောသင့်တယ်။
ရာသီဥတုဆိုတာ ကိုယ့်အမျိုးအဆွေမဟုတ်လို့ ဘာဖြစ်လာမယ် ဘယ်သူမှ ပြောမရနိုင်ပါဘူး။ အန္တရာယ်များတဲ့ ဒီဆည်ကြီးကို လုံးဝသဘောမတူပါဘူး။ ဆည်ဆောက်ဖို့သဘောတူတဲ့လူကြီးမင်းတွေရဲ့ အိမ်တွေကို ဆည်အောက်ဖက် ပြောင်းဆောက်ဖို့ တောင်းဆိုပါတယ်။

မေသိမ့်သိမ့် ကျော် said...

ဖတ်သွားပါတယ်။ ဧရာဝတီ ထာဝစဉ်တည်တံ့စေချင်ပါတယ်။

AH said...

"မထောက်ခံပါ ခင်ဗျား (တဂ်)" ကို ထောက်ခံပါတယ် ခင်ဗျား။

Unknown said...

အရေးအခင်းကာလတုံးက သူများတွေက ဒို့အရေး
ဒို့အရေး အော်နေကြတယ်.အဲ့မှာကုလားကြီးတစ်ယောက်
က သူလည်းအော်ချင်လာတယ်..ဒိုအရေးက ဘာအရေးမှန်း
တော့သူမသိဘူး..သူသိသူတက်သလို.ပဲလိုက်အော်တော့
တယ်.အခုကျွန်တော်လည်း အဲလိုပဲ..အော်လိုက်ပါ့မယ့်.
.
. အတူတူပဲ..အတူတူပဲ..အတူတူပဲ..

ကြိုးစားပြီးတဂ်ကြည့်ပါအုံးမယ် ကိုကိုငွေရေ့.
လေးစားခင်မင်လျှက်..(ဒုတိယ)

KMC@ချင်းလေး said...

သဲထဲရေသွန်ဖြစ်ကာမှဖြစ်ရောဗျာ..လောလောဆယ်တော့
ကိုယ်တတ်နိုင်သလောက်ကန့်ကွတ်ကြရမှာပါပဲ။ကြိုးစားပြီး
သဲတစ်ပွင့်အနေနဲ့ပါဝင်ပါ့မယ်ဗျာ..။လေးစားလျက်(KMC)