Monday, September 19, 2011

ကျွန်တော်မြင်ခဲ့သော မိဘများ

ကျွန်တော်မြင်ခဲ့ရတဲ့ဖြစ်ရပ်တခုပါ၊ ကျွန်တော်ငယ်စဉ်က အစိုးရမူလတန်း မတက်ရခင် ရှစ်မိုင်လမ်းဆုံက ဆရာမကြီး ရင်ရင်ဝိုင်းရဲ့ နေ့ကလေးထိန်းကျောင်းကို တက်ခဲ့ရဖူးတယ်၊ အဲဒီကျောင်းလေးဟာ ယနေ့တိုင်ရှိနေဆဲ ၊ ဆရာမကြီးလည်း သက်ရှိထင်ရှားရှိနေဆဲပေါ့ဗျာ၊ အဲဒီ ကျောင်းလေးမှာဘဲ ဒီဇာတ်လမ်းလေးဖြစ်လာတယ်၊ ရင့်နင့်ဖွယ်ရာ ညီကိုယ်နှစ်ယောက်ရဲ့ အဖြစ်နဲ့ သစ္စာမဲ့သော အမေတစ်ယောက်ရဲ့ အဖြစ်ကို ကျွန်တော်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ တယ်။

 အဲဒီမြင်ကွင်း အဲဒီဖြစ်ရပ်ရဲ့ ရိုက်ခတ်မှု့ကြောင့် ကျွန်တော်ဟာ မဒမ်ငွေကလွဲပြီး ဘယ်မိန်းမကိုမှ မချစ်မှိခဲ့ဘူး၊ ရီးစားလည်းမထားခဲ့ဘူး မိန်းမဆိုရင် ကျွန်တော်အမြဲတမ်းသံသယ ရှိခဲ့တယ်၊ မိန်းမ တစ်ယောက်နဲ့ လိုအပ်တာထက်ပိုရင်းနှီးလာပြီ ဆိုရင် ကျွန်တော့်သူငယ်ချင်း အဲဒီညီကိုယ် နှစ်ယောက်ကို မျက်စိထဲမြင်လာမှိတယ်၊ ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ တချိန်မှာ အဲဒီ အကြောင်းလေးကို ၀တ္ထုဖွဲ့ရေးမယ်လို့ ရေးထားတယ်၊ ခက်တာက ကျွန်တော်ဟာ မြန်မာစာကို ဖတ်ရုံလောက်သာ ဖတ်တာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ကျစ်ကျစ်လစ်လစ် မရေးတတ်ဘူး၊ အခုတော့ ကျွန်တော်တို့ ငွေလမင်းဘလော့မှာ ရင်နင့်ဖွယ်ရာ ဒီဇာတ်လမ်းလေးကို တဖန်ပြန်ပြီး အသက်သွင်းလိုက်ပါတယ် ရေးနေရင်းနဲ့ပင် ကျွန်တော်ငယ်စဉ်က ခင်မင်ဖူးခဲ့တဲ့ အမွှာညီအကို နေမျိုးမောင်မောင်နဲ့ ပြည့်ဖြိုး မောင်မောင်ကို မျက်စိထဲပြန်မြင်ယောင်မှိပါတော့တယ်။

ကျွန်တော်အသက် သုံးနှစ်ခွဲ ၊ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က ဖြစ်ရပ်၊ ကျွန်တော်တို့ဟာ အဘိုးလက် ထက်စပြီး၊ ရှစ်မိုင်ခွဲ ၊ ရွှေနှင်းဆီလမ်းမှာ နေကြတယ်၊ အဲဒီရွှေနှင်းဆီလမ်းဟာ တချိန်က မြန်မာ့ ရုပ်ရှင်ခြံကြီးတခု ဖြစ်တဲ့အေ၀မ်းဆိုတဲ့ ရုပ်ရှင်ခြံကြီးပေါ့၊ အဲဒီခြံကြီးထဲမှာ ရှိရှိသမျှ ခလေးအားလုံး ဟာ၊ ကျောင်းမတက်မှီ သုံးနှစ်ကျော် လေးနှစ်အရွယ်တွေမှာ၊ မိဘများက ရင်ရင်ဝိုင်းဆိုတဲ့ ဆရာ မကြီးရဲ့ နေ့ကလေးထိန်းကျောင်းကိုပို့ကြတယ်၊ ဒါကြောင့် ဒီရင်ရင်ဝိုင်း နေ့ကလေးထိန်းကျောင်း လေးဟာ ရှစ်မိုင် ၊ ကိုးမိုင်၊ ဆယ်မိုင် ကခလေးတွေနဲ့၊ ကျိုက်ဝိုင်းဘုရားလမ်းက ကလေးတချို့ရဲ့ မရောက်မဖြစ်ရောက်ရမဲ့ နေရာတခုဆိုလည်းမမှားဘူးပေါ့ဗျာ။

ကျွန်တော်လည်းသုံးနှစ်ခွဲတော့ ရောက်ခဲ့တယ်၊ ကျွန်တော်ရောက်တော့  ကျွန်တော်နဲ့ရွယ်တူ တွေ လေးဆယ်လောက်ရှိတယ်၊ အဲဒီအထဲမှာ နေမျိုးမောင်မောင်နဲ့၊ ပြည့်ဖြိုးမောင်မောင် ဆိုတာပါ တယ်၊ အမွှာပူးညီကိုယ်တွေ ချောလိုက်တာ အဖေက တရုတ် အမေက ဗမာစစ်စစ်၊ ကျွန်တော်က မနက် ကိုးနာရီထိုးဆို ကျောင်းကိုရောက်တယ်၊ ကျွန်တော်ရောက်တဲ့ အချိန်ဆိုရင် သူတို့ညီကို လည်း မကြာခင်ရောက်လာတယ်၊ သူ့မေမေနဲ့ ဖေဖေက မာစီးဒီးကားအနက်ရောင် ကြီးနဲ့လာပို့ တာ၊ အဲဒီအချိန်က ကျောင်းလွယ်အိတ်လေးတွေ ခေတ်စားတဲ့အချိန် ဒါပေမဲ့ သူတို့ညီကိုနှစ် ယောက် က အနောက်တိုင်းဝတ်စုံနဲ့ ကျောပိုးအိတ်လေးတွေနဲ့၊ သူ့တို့ဖေဖေနဲ့ မေမေဟာ သူ တို့ကို နမ်းရှုံ့ပြီး၊ ကားပေါ်ပြန်တက်သွားပြီ ဆိုရင် သူတို့က တာတာ လို့ ပြောပြီး ၊ ရီပြကြတယ် ကျွန်တော့်လို ငိုလည်းမငိုဘူး ၊ သူမိဘတွေ ပြန်သွားပြီဆိုတာနဲ့ သူတို့ညီကို အတန်းထဲကို  ရောက်လာတာဘဲ ၊ ကျွန်တော်တို့ ကျောင်းမှာ စာသင်ခုံ ၁၂ခုံရှိတယ်၊ တခုံကို သုံးယောက် ထိုင် တယ်၊ အစက ကျွန်တော်က ရှေ့တန်းမှာ နောက်တော့ သူတို့ညီကိုယ်နှစ်ယောက် လာပေါင်း တက်တော့ သုံးယောက်ဖြစ်သွားတယ်။

သူတို့က ကျွန်တော်နဲ့တည့်တယ် သဘောလည်းကောင်းတဲ့ပုံဘဲ၊ ရီလိုက်ရင် ညီကိုယ်နှစ် ယောက် လုံး ပါးချိုင့်လေးတွေပေါ်တယ်၊ အသားကဖြူဖြူလေး  စကားပြောရင် နေမျိုးကလေ ၊ ပြည့်ဖြိုးက လေလို့ သူတို့နာမည်လေးတွေ ထည့်ထည့်ပြောတတ်တယ်၊ နေလည်မုန့်စားကျောင်း ဆင်းရင် သူ့ အိမ်က သူတို့ကိုထိန်းတဲ့ အမျိုးသမီးကြီးလာတယ် ၊ ဆွဲခြင်းထဲမှာ မုန့်တွေ စားစရာတွေ ပါလာတယ်၊ သူတို့ကိုကျွေးတယ်၊ သူလိုဘဲ ကျွန်တော့်အိမ်ကလည်း မေမေလာတယ် အဲလိုဘဲ ကြွေးတယ်။

 သူတို့ညီအကိုယ်က ထမင်းစားပြီးရင် မုန့်ကိုအဲဒီမှာပြီးအောင် မစားဘူး သူတို့ အတွက် ပါလာတဲ့မုန့်ကို အတန်းထဲကိုယူလာပြီး၊ ကျွန်တော့်မုန့်နဲ့ အလဲအလှယ် လုပ်စား ကြတယ်၊ ညီအကို နှစ်ယောက်လုံးအေးတယ်၊ အကိုစားသလို ညီကလည်းစားတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကလည်းချစ်လိုက်တာ အရမ်းပဲ၊ နောက်ဖေးသွားရင် တူတူသွားတယ်၊ ကစားရင် နှစ်ယောက်တူတူ ကစားတယ်၊ စာဖတ်ရင် နှစ်ယောက်တူတူဖတ်တယ်၊ အဲလောက်လိမ်မာအောင် သူတို့မိဘတွေ ဘယ်လိုသင်ထားလည်းတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ညီအကိုယ်တွေနဲ့ သိပ်ကွာတယ်။

သူတို့က ကျိုက်ဝိုင်းဘုရားလမ်းမှာ နေကြတာ၊ နောက်လအနည်းငယ်ကြာတော့ သူတို့က ကျွန်တော်တို့ လမ်းထဲကိုပြောင်းလာတယ်၊ ကျွန်တော်တို့လမ်းထိပ်မှာ ကျိုက်ထီးရိုး ဘုရားလေး တစ်ဆူရှိတယ်၊ အဲဒီဘုရားလေးရဲ့ ဘေးကခြံကြီးမှာ သူတို့မိသားစု လာနေကြတယ်၊ ကျွန်တော်နဲ့ တလမ်းထဲဘဲ၊ နောက်တော့ နေ့စဉ်ရက်ဆက် ကျောင်းပို့ကျောင်းကြို လူကြီးတွေလုပ်ရင်းနဲ့လူ ကြီးတွေချင်း ရင်းနှီးသွားကြတယ်၊ ကျွန်တော့်မေမေနဲ့ သူတို့မေမေဟာ ညီအစ်မလိုခင်သွားတယ်၊ မိဘတွေ အဲလောက်ခင်သွားတော့ ကျွန်တော်နဲ့ နေမျိုး၊ ပြည့်ဖြိုးတို့ဟာ ညီအကိုလိုဘဲဖြစ်သွားတယ်ပေါ့ဗျာ၊ ကျွန်တော်က အငယ်မဖြစ်ချင်ဘူးလေ ၊ ကျွန်တော်က အကိုတွေသာ ရှိတာဆိုတော့ ရွယ်တူလေးတွေ လိုချင်တာ၊ အခုတော့ရွယ်တူလေးတွေ နဲ့အဖော်ဖြစ်တော့ ကျွန်တော်လည်း ပျော်တာပေါ့။

ကျောင်းပိတ်ရက်ဆိုရင် သူတို့အိမ်မှာ သွားနေတယ်၊ သူတို့နဲ့တူတူစားတယ်၊ ကစားတယ် ညနေကြရင်မေမေနဲ့ ဖေဖေက လာခေါ်တယ်၊ တခါတရံကျတော့လည်း သူတို့ညီကိုယ်က ကျွန်တော့်အိမ်ရှိရာကို ဆန်တတ်လာတတ်တယ်၊ သူ့အိမ်က ခလေးထိန်းက လိုက်ပို့တယ် ၊ညနေ ကျရင်သူတို့မိဘတွေက လာခေါ်တယ်၊ အိမ်က မိဘတွေကလည်း ယောကျာင်္းလေးဆို ကြိုက်သ လောက်လာ မိန်းခလေးသာမလာနဲ့ ၊ အဲလိုသဲသဲလှုတ်တွေဆိုတော့ ချစ်စရာကောင်းတဲ့ နေမျိုး တို့ညီအကိုယ်ဟာ၊ ကျွန်တော်တို့အိမ်မှာ ဖိုးကြိုင်းဒုတ်ဖြစ်နေတယ်။

အဲလိုမိသားစုချင်းလည်း အဆင်ပြေ သားသမီးချင်းလည်း အဆင်ပြေတော့ သူတို့အိမ်နဲ့ ကျွန်တော်တို့အိမ်ဟာ ကျွန်တော့တို့ကလေးတွေကို အကြောင်းပြုပြီး၊ လူကြီးချင်းချင်း ခင် မင်ကုန်ကြတယ်၊ နေမျိုးအဖေက ဦးနေဇင်လတ်တဲ့၊ သတို့မေမေနာမည်က ဒေါ်နီလာမြင့်၊ သူတို့ဖေဖေက စီးပွားရေးသမား ထုတ်ကုန်သွင်းကုန်လုပ်တာ၊ အဲဒီခေတ်က မာစီဒီးတွေ တွေနှစ်စီးလောက်စီးနိုင်တဲ့ လူတွေဆိုတော့၊ သဋ္ဌေးတွေလို့ပြောလည်း မမှားဘူးပေါ့။ သူ့မေမေ က အဲဒီ ဦးနေဇင်လတ်ရဲ့ ရုံးက ၀န်ထမ်း ဦးနေဇင်လတ်ထက် ၄နှစ်ငယ်တယ်။ ချောလိုက် အဲဒီအန်တီကြီးက မင်းသမီးစန္ဒာနဲ့ တစ်ရုပ်တည်းပဲ၊ အသံလေးကလေး ချိုသာတယ်။ သဘော လည်းကောင်းတယ်။

ကျွန်တော့်ကိုသူ့ သားလေးတွေလို သဘောထားတယ်၊ သူ့သားလေးတွေ အတွက်အ၀တ်အစား သွားဝယ်ရင် ကျွန်တော့် အတွက်လည်း တခုပါတတ်တယ်၊ ကျွန်တော့်အိမ်ကလည်း သူတို့လိုဘဲ ကျွန်တော့်အတွက်ဝယ်ရင် သူတို့ညီကိုယ်နှစ်ယောက်ကို တခုခုပြန်ဝယ်ပေးလေ့ရှိတယ်။ သူတို့က သူဋ္ဌေးတွေဆိုတော့ ခဏတိုင်းဝယ်တယ် ကျွန်တော်တို့က သူတို့လောက် မချမ်းသာတော့ ခဏတိုင်းမ၀ယ်ဖြစ်ဘူး၊ ကျွန်တော့စီမှာ သူတို့ဝယ်ပေးတာတွေများနေတယ်၊ နေမျိုးတို့ညီအကိုယ်မှာ ကျွန်တော်တို့ဝယ်ပေးတာ သိပ်မရှိဘူး၊ ကျောင်းသွားရင် သူတို့လိုဘဲ ကျွန်တော့်ကိုပါ အနောက်တိုင်းဝတ်စုံလေး တစုံလက်ဆောင်ပေးထားတယ် ၊ မသိရင် အားလုံးက ကျွန်တော်တို့ကို ညီကိုတွေလိုဘဲအောက်မေ့ကြတယ်။

ဦးနေဇင်လတ်ဟာ စာပေသမားဖြစ်ဟန်တူတယ် စာဖတ်ခန်းထဲမှာ စာအုပ်တွေတပုံတပင် ဂျာမနီ ကလာတဲ့ ခွေးတံဆိပ်နဲ့ ပီယာနိုကြီးတလုံးက စာဖတ်ခန်းအလယ်မှာ ထီးထီးကြီး၊ ရုံးပိတ်ရက် နေ့တွေမှာဆိုရင် သူ့မိန်းမနဲ့တူတူ အဲဒီစာဖတ်ခန်းထဲက ဆိုဖာခုံပေါ်မှာ ထိုင်ပြီးသူ့သားတွေ ကို စလိုက် ကျွန်တော့်ကိုစလိုက်နဲ့ တနေ့လုံးကုန်တယ် ၊ ညနေကျရင် မုန့်ထွက်ဝယ်ကျွေးတယ်၊ မုန့်ဆိုင်က ပြန်လာရင်တော့ ကျွန်တော့်ကို အိမ်ကိုလိုက်ပို့တယ်။သူတို့မိသားစုဟာ အမြဲတမ်းဆူညံ ပြီး ပျော်ရွှင်နေတတ်တာကို သတိထားမှိတယ်၊ ဦးနေဇင်လတ်ကတော့ ရုံးပိတ်ရက်ကလွဲပြီး ကျန်တဲ့ ရက်တွေအားလုံးမှာ မနက်ပိုင်းမရှိဘူး၊ ညနေပိုင်းကျွန်တော်တို့ ကျောင်းပြန်လာမှ သူ့ကိုတွေ့ တယ်။

သူတို့အိမ်မှာက အိမ်ကိုအကူလုပ်ပေးတဲ့ အန်တီကြီးတစ်ယောက်ရယ်၊ ကားမောင်းတဲ့လူရယ်၊ ခြံရှင်းတာတွေ ဘာတွေလုပ်တဲ့ မာလီအဘိုးကြီး တစ်ယောက်ရယ်ဘဲရှိတယ်၊ တနေ့မှာတော့ ကျွန်တော်ဟာ နေမျိုးတို့ညီအကိုယ်နဲ့ ဆော့ဘို့သူတို့အိမ်ကို လာခဲ့တယ်၊ ခြံတခါးမကြီး ပိတ်ထား ပေးမဲ့ ၊ တံခါးကြီးအောက်မှာ တံခါးလေးရှိတယ်လေ အဲဒါကိုခေါက်လိုက်ရင် ခြံရှင်းတဲ့ အဘိုးကြီး ကကျွန်တော့်ကို တံခါးလာဖွင့်ပေးတယ်၊ နေမျိုးတို့မရှိဘူးကွဲ့၊ မုန့်စားသွားမယ်ဆိုပြီး ထမင်းချက် တဲ့ကောင်မလေးနဲ့လိုက်သွားတယ်၊ ပြန်လာခါနီးနေပြီး မင်းအိမ်ထဲမှာစောင့်နေပေါ့တဲ့၊ အဲဒါနဲ့ ကျွန်တော်က ကိုယ့်ဖာသာ ကိုယ်အိမ်ထဲဝင်လာလိုက်တယ်၊ ဒီအိမ်ဟာ ကျွန်တော့်အိမ်လိုဘဲ ဖြစ် နေတာဆိုတော့၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကျွန်တော်သိတာပေါ့။

နေမျိုးတို့ နဲ့ကျွန်တော်က စာဖတ်ခန်းထဲမှာ ဆော့နေကျဆိုတော့ သူတို့မရှိတာနဲ့၊ ပျင်းလို့ ကျွန်တော်အပေါ်ထပ်ကို တတ်ပြီး၊ အန်တီမြင့်နဲ့ သွားနေမယ်လို့စိတ်ကူးပြီး ၊ နေမျိုးတို့ မိဘတွေ အိပ်တဲ့ အိပ်ခန်းဆီကိုကျွန်တော်လာခဲ့တယ်၊ အဲဒီမှာ ကျွန်တော့်တစ်သက်မှာ ပထမဆုံး မိန်းမ တစ်ယောက်ရဲ့ ဖောက်ပြန်မှု့ကို စတင်တွေ့ရှိခဲ့တာပါပဲ။ ကျွန်တော် တော်တော်လေး ထိန့်လန့်ခဲ့ တယ်၊ ဒီလိုကိစ္စတွေဟာ ငယ်စဉ်တုန်းက ဘာမှမသိခဲ့ပေမဲ့ ကျွန်တော်သိထားတာ တခုတော့ရှိတ တယ်၊ အဲဒါဘာလဲဆိုရင် မေမေရဲ့အိပ်ယာထဲမှာ ရှိရမဲ့လူဟာ ဖေဖေလို့ဘဲ နားလည်ထားတယ်၊

အဲလိုဘဲ နေမျိုးတို့ရဲ့ မေမေအိပ်ယာထဲမှာ ရှိရမဲ့လူဟာ နေမျိုးဖေဖေဘဲဖြစ်ရမယ်၊ အခုလို အိမ် မှာကားမောင်းတဲ့လူ ရှိမနေသင့်ဘူး။ အခုတော့ ကျွန်တော် မဖွယ်မရာကြီးကို မြင်ခဲ့ရတယ်၊ သူတို့ကတော့ ကျွန်တော် ရှိနေတယ်လို့တောင် သိပုံမပေါ်ပါဘူး၊ ကျွန်တော်လည်း ကလေး သဘာဝ ကြောက်ကြောက်နဲ့ အောက်ထက်ကို ဆင်းလာခဲ့တယ်၊ သူတို့ကတော့ မိုးမမြင်လေမ မြင်ပေါ့။

နောက်နှစ်ကျတော့ ကျွန်တော်နဲ့ နေမျိုးတို့ ရင်ရင်ဝိုင်းကျောင်းမှာ မူလတန်း (က)တန်းကို တက်ရ တယ်၊ သူတို့ညအီကိုယ်နဲ့ ကျွန်တော်နဲ့အရင်လိုဘဲ တူတူသွား တူတူစားပေါ့ဗျာ၊ အရင်လို နေမျိုးတို့ မေမေက ကျောင်းလာမပို့တော့ဘူး၊ နေမျိုးတို့ဖေဖေ တစ်ယောက်တည်းသာ ကျောင်းလာလာ ပို့တော့တယ်၊ နောက်နှစ်လ လောက်မှာ နေမျိုးတို့အိမ် တံခါးကြီးပိတ်ထားတယ် လူတွေမရှိတော့ ဘူး၊ နေမျိုးတို့ညီအကိုယ် နှစ်ယောက်လည်း ကျောင်းမလာတော့ဘူး၊

ကျွန်တော်က တခါတရံ လွမ်း လို့ သူ့တို့အိမ်ဘက်ကို ကျောင်းသွားရင်း ငေးမျှော်ကြည့်မှိတယ်၊ ဒါပေမဲ့ အိမ်ကြီးဟာ အရမ်း ခြောက်သွေ့နေပြီ၊ သစ်ပင်တွေလည်း နေမျိုးတို့ ရှိတုန်းကလို စိမ်းစိမ်းစိုစို မဟုတ်တော့ဘူး ခြောက်တဲ့အပင်ကခြောက်၊ ယိုင်တဲ့အပင်ကယိုင်၊ လဲတဲ့အပင်ပလဲနဲ့ ဖရိုဖရဲ အလဲလဲအကွဲကွဲတွေ နဲ့ စိတ်ပျက်စရာ မြင်ကွင်းကြီးဖြစ်နေတော့တယ်။ မေမေ နေမျိုးတို့ရောဟင်လို့ မေမေတို့ကို မေးတော့လည်း မရောမရာ မသေမချာနဲ့ ခရီးသွားတယ်ထင်တယ်တဲ့၊ ဒီလောက်ဘဲပြောနိုင်ကြတော့တယ်။နောက်တနှစ်ကြာတော့၊ ကျွန်တော်က အစိုးရကျောင်း တက်နေပြီ၊ သူငယ်ချင်း အသစ်တွေနဲ့ ကျွန်တော် နေမျိုးတို့ကို သတိမရတော့ဘူးလေ။

ညတညမှာ ကျွန်တော်တို့အိမ်ကို လူစိမ်းတစ်ယောက် ရောက်လာတယ်၊ ကျွန်တော်တို့ ညစာ စားပြီး သီချင်းဆိုကြဘို့ ပြင်ဆင်နေချိန်ပေါ့၊ ဒီလူကြီးကို ကျွန်တော်တို့မမှတ်မှိတော့ဘူး ကျွန်တော့် ကိုတော့ သူကသိတယ်၊ သူက ကျွန်တော့်ကို ပွေ့ဖက်နမ်းရှုံ့တယ်၊ နောက်ပြီး အဲဒီလူကြီးက သူမိန်းမအကြောင်းကို ဖေဖေကို ပြောပြနေတယ် ၊ ငိုလည်းငိုတယ် `ကျွန်တော် ရိပ်မှိတာ ကြာပါပြီဗျာ၊ သားလေးတွေမျက်နှာနဲ့ ကျွန်တော်သီးခံခဲ့တာ၊ ကျွန်တော် အတန်တန်ပြောခဲ့တယ် မလုပ်ပါနဲ့လို့၊ အကို့ဘက်က မှားတာရှိရင် ပြောပါ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်၊ အဲ ဒါကို သူဆက်လုပ်တယ်´၊ ပြောရင်းအဲဒီလူကြီးဟာ ရှိုက်ကြီးတငင်ငင်ငိုကြွေးတော့တယ်။ ကျွန်တော်ဘက်က လင့်ဝတ္တရားဘယ်လောက် ကျေခဲသလဲ ဆိုရင် အတွင်းခံပစ္စည်းတောင် ကျွန် တော်လျှော်ပေးခဲ့ပါတယ်´ ကျွန်တော့်မေမေက အဲဒီလူကြီးကို ကြည့်ပြီး သနားပြီး စိတ်ထိခိုက်ဟန် ပြနေသလို ဖေဖေမျက်နှာဝန်းမှာလည်း မျက်ရည်တွေက ရီဝေနေတယ်။

`ကိုယ့်မိန်းမဆိုတော့ ကျွန်တော်က ယုံကြည်တာပေါ့ဗျာ၊ အိမ်ခြံမြေဂရမ်တွေ ၊ လုပ်ငန်းနဲ့ပတ်သတ် တဲ့ပါမစ်တွေ အကုန်သူ့ကို အပ်ထားတာ၊ အခုတော့ ဘာတခုမှ မရှိတော့ဘူး၊ ကလေးနှစ်ယောက် နဲ့ ကျွန်တော့်ကို ထားခဲ့တယ်ဗျာ´ အခုခလေးတွေကို ကျွန်တော်ဘယ်လို ပျိုးထောင်ပေးရမှန်း မသိတော့ဘူး ကျွန်တော့်ကို+++++++++ ++++++++။ ကျန်တာတွေ ကျွန်တော် မသိတော့ဘူး ၊ ပြန်သွားမှ ဖေဖေက အဲဒါဦးနေဇင်လတ်တဲ့။

အဲဒီအကြောင်းရာတွေ ဖြစ်ပျက်ပြီးလို့ တနှစ်လောက် အကြာ ကျွန်တော်တို့နားက နာဂလှိုင်ဂူ ကလေးဝတောရ ပရဟိတကျောင်းမှာ၊  ကျွန်တော့်ရဲ့ ခြောက်နှစ်ပြည့် မွေးနေ့လုပ်တယ်၊ အဲဒီက မိဘမဲ့ ခလေးတွေကို နေ့လည်စာကျွေး ကောင်မလေးတွေကို ဘိုမရုပ်လေးတွေပေးတယ်၊ ကောင် လေးတွေကို ကော်ဘောလုံးလေးတွေ ပေးတယ်၊ အဲဒီမှာ ကျွန်တော်နဲ့ ရွယ်တူလောက်ရှိတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့တယ် ၊ မိဘမဲ့ဆိုပေမဲ့ သူများကလေးတွေလို ညစ်ပေမနေဘူး၊ အသားလေးကလည်းဖွေးဖွေး၊ ညီအကိုယ်နှစ်ယောက်လုံး ပါးချိုင့်လေးတွေနဲ့၊ နိုင်လွန်လုံချည် သေးသေးလေးတွေနဲ့ ညီကိုယ်နှစ်ယောက် ဆင်တူဝတ်ထားတယ်၊ ကျွန်တော်ဘောလုံးလေးတွေ ပေးတော့ ၊ ကျေးဇူးဘဲတဲ့ ၊ ကျွန်တော် တန်းပြီးသိလိုက်တယ် ဒါနေမျိုးနဲ့ ပြည့်ဖြိုးပဲဖြစ်ရမယ်လို့။

သူတို့က အတန်းလိုက်လာလာပြီး ပစ္စည်းယူကြတာဆိုတော့ သူတို့ယူပြီးတော့ ကျွန်တော်တို့ကို ကျောခိုင်းသွားတယ်၊ မေမေ ဟိုဟာနေမျိုးနဲ့ ပြည့်ဖြိုး ခေါ်လိုက်ကြည့်ပါလားလို့လို့ မေမေကို ပြောလိုက်တော့၊ မေမေက နေမျိုးမောင်မောင် ၊ ပြည့်ဖြိုးမောင်မောင် လို့မေမေကလှမ်းခေါ်လိုက် တော့ “ဗျာ” တဲ့၊ သူတို့နှစ်ယောက် လှည့်ကြီးပြီး မေမေဆီကို ရောက်လာကြတယ်။

ကလေးတွေကို ပစ္စည်းဝေပြီးတဲ့ အခါ မေမေနဲ့ ဖေဖေက အဲကျောင်းက သူတို့ကို ထိန်းတဲ့ ဦးယုဇန ဆိုတဲ့ ဘုန်းဘုန်းကို သူတို့ဇာတ်ကြောင်းကိုမေးတယ်၊ ဘုန်းဘုန်းပြောပြတာက သူတို့ ကို ၊ မော်တင်က တိုက်ခန်းပိုင်ရှင် တစ်ယောက် လာအပ်သွားတာတဲ့၊ သူ့ဖေဖေက အရက်မူးပြီး ကားတိုက်ဆုံးသွားတယ်တဲ့၊ သူတို့ရဲ့ မေမေက နဂိုကတည်းက မရှိဘူး ထင်တယ်တဲ့၊ တပည့်တော်တို့ အိမ်ကိုလာငှားကတည်းက၊ ပါမလာဘူးတဲ့၊ သူ့အဖေနာရေး ဖြစ်တော့လည်း မလာဘူးတဲ့၊ အဲဒါကြောင့် ဆွေမျိုးမရှိလို့ တပည့်တော် အရှင်ဘုရား တို့ဆီလာအပ်တာ လို့ပြောသွားတာ ဘဲဒကာမကြီးလို့ မိန့်တော်မူတယ်။

ကျွန်တော့မျက်စိထဲမှာ ၊ မြင်ကွင်းစုံကို ကျွန်တော်ပြန်မြင်ယောင်မှိတယ်၊ မာစီဒီးကားစီးပြီး အနောက်တိုင်းဝတ်စုံလေးတွေနဲ့ ကျောင်းလာတတ်တဲ့ ညီကိုယ်၊ သူတို့ကိုသိပ်ချစ်သလို တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတဲ့ သူ့ဖေဖေနဲ့ မေမေ၊ လင်ယောကျာင်္းမရှိခင် ခန်းထဲမှာ ဒရိုင်ဘာနဲ့ဖောက်ပြန်နေတဲ့ အဆင့်တန်းမဲ့ မိန်းမ၊ သားနှစ်ယောက်ကိုတောင် ပြစ်ပြီး လင်နောက်လိုက်သွားရဲတဲ့ မိန်းမရိုင်း တဦး၊ မိဘမဲ့ဂေဟာကို ရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်၊ အို အစုံပါဘဲဗျာ ………………………။ကျွန်တော် ဆက်မရေး ချင်တော့ဘူးဗျာ၊ အသက်ကြီးမှ ရေးတော့မယ်၊ ရေးရင်းစိတ်ညစ်လာလို့။

ဘလော့စာရှုသူ့များ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ငွေလမင်းတို့ ဆုမွန်တောင်းပါတယ် ၊ ရွှင်လန်း ချမ်းမြေ့ကြပါစေ။



17 comments:

Anonymous said...

ဖတ်ရင်းနဲ့မျက်လုံးထဲမြင်ယောင်မိတယ်။တကယ်ကို ၀မ်းနည်းစရာလေးပါဘဲ။
ဒီလိုအဖြစ်မျိုးတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါတောင်
လင်က နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတာမဟုတ်သေးဘူးနော်။တော်တော်ဖင်ဆော့တဲ့မိန်းမဘဲ။

MGTHANT said...

ဖူး....... ဘာပြောရမှန်းတောင် မသိတော့ဘူး.. အကိုရေ...

ညီရဲ said...

ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်ဗျာ...
မိန်းမတိုင်တော့ မဟုတ်ပေမယ့် ဖောက်ပြန်တဲ့ မိန်းမတွေ သိပ်ကြောက်ဖို့ ကောင်းတယ်ဗျာ...
ကြားထဲက သားသမီးက ဓားစာခံ ဖြစ်ရတယ်...
ဟူးးးးးးးး စိတ်မကောင်းဖူးဗျာ...

khin said...

မောင်လေးရေ

မောင်လေးရဲ.ပို.စ်ကို ဖတ်ရင်း ရင်ထဲတော်တော်မကောင်းဖြစ်ရပါတယ်။
မိန်းမတိုင်းတော. အဲဒီလိုမဟုတ်ပါဘူးကွယ်။
ဒါပေမဲ. အဲဒီလိုမိန်းမမျိုးတွေလည်းရှိတာပါဘဲနော်။
ဒီမိန်းမလည်းတူသောအကျိုးပေးပါလိမ်.မယ်
ကလေးတွေအတွက်တော်တော်စိတ်မကောင်းဘူး။

ချယ်ရီမြေ said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်... ဝေဖန်ကြည့်ချင်တယ်။ ဒါပေ့မယ် မဝေခွဲတတ်ဘူး... သစ္စာဖောက်တဲ့သူအပြစ်လား၊ ၀ဋ်ရှိလို့ပဲခံရတာလား၊ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာပဲလား...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မြသွေးနီ said...

ဆန္ဒတွေကို မချုပ်တည်းနိုင်တော့ အပြစ်မဲ့တဲ့ ကလေးတွေက ကြားက တန်ဆာခံဖြစ်ရတာ။ သည်လို မိခင်မျိုးကို လောကငရဲက ဒဏ်ခတ်တာခံရမှာပါ..။ ကလေးတွေက သနားစရာ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

သားသမီးတွေရဲ့ မျက်နှာတောင် မထောက် လုပ်ရက်တဲ့ အမေပါလား
ဒီလိုမိခင်မျိုးတော့ မာတာပီတုဂုဏ်န္တောထဲမှာ ပါပါ့မလား။
စက်ဆုပ်ဖို့ကောင်းတယ်။ ကိုယ်ကျင့်တရားဖောက်ပြန်ရုံမက သားသမီးတွေကိုပါ ပြစ်ထားတယ် ။
လောကကြီးမှာ ဒီလိုမိခင်မျိုး မများပါစေနဲ့ ဆုတောင်းမိတယ်
ဖတ်ပြီး စိတ်တောင်မကောင်းဘူး

မင်းဧရာ said...

စိတ်မကောင်းစရာပဲ အကိုကြီးရာ
ဒီလိုမျိုးအဖြစ်တွေက အခုနောက်ပိုင်း ပိုများလာသလိုပဲဗျာ
သိပ်မကြာသေးခင်ကမှ တစ်ခါကြုံလိုက်ရသေးတယ်
တော်ပြီ ကိုကြီးရာ အကုသိုလ်များတယ်။

မဒမ်ကိုး said...

မုန်းလိုက်တာနော်း(
သနားပါတယ် နော်
ဘ၀ရဲ့ကံကြွေးတွေကကြီးမားလိုက်တာနော်း(

အကိုရေ ခုမှရောက်ပေမယ့်ပိုစ့်ထဲမှာတကယ်စီးမျောရင်း
မျက်လုံးထဲပါမြင်ယောင်သွားတယ်း(
လေးစားစွာဖြင့်
မဒိုးကန်

မအိမ်သူ said...

မိန်းမတိုင်းမဟုတ်ပေမဲ့ အဲဒီလိုမိန်းမမျိုးတွေလဲ လောကကြီးမှာရှိပါတယ်ငွေလမင်းရေ။ ကြုံခဲ့ဖူးတဲ့အမျိုးသမီးတယောက်ဆို အသက် ၄၅နှစ်လောက်ရှိမှ ယောက်ျားနဲ့ သမီးအပျိုတွေလေးယောက် သားအငယ်လေးနှစ်ယောက်ကို အဲဒီလိုပဲပစ်ထားခဲ့ပြီး သမီးအကြီးဆုံးနဲ့ ပေးစားဖို့လူကြီးချင်း သဘောတူစေ့စပ်ထားတဲ့ (စေ့စပ်ပွဲတောင် လူသိရှင်ကြား ပွဲနဲ့လမ်းနဲ့ အကြီးအကျယ်လုပ်ပြီးသား)အသက်အစိတ်လောက် သမက်လောင်းလေးနဲ့ လိုက်ပြေးသွားတာ...ကြားစကများ ကိုယ့်နားတောင်ကိုယ်မယုံဘူး။

SHWE ZIN U said...

အင်း ငွေလမင်း နေခဲ့တဲ့ နေရာတွေသိတယ် တို့ က မြတ်သုခ လမ်းသွယ် ထဲမှာ နေဘူးသေးတယ်

အဲ မိန်းမ လည်း အတိတ်ကံ မကောင်းခဲ့ လို့ ဒီလို လုပ်တာ နေမှာပေါ့ ကလေးနှစ်ယောက် သနားပါတယ် ယောက်ကျားရောပေါ့

မိုးယံ said...

တော်တော်ဆိုးတဲ့ ကိုကိုငွေ....မသတီစရာ စက်ဆုပ်ဖွယ်တွေ ထိန်လန့်ဖွယ် အကြင်နာ မဲ့မှုတွေကို ပီပီပြင်ပြင်ရေးပြပြီး ဘလော့ရှုသူ ရွှင်လန်းချမ်းမြေ့ပါစေတဲ့...။

ကာမအမိုက်နဲ့တွေ့ရင် မိခင်ဆိုတာ ကိုယ့်သားတောင်ကို ပြန်သတ်သေးတာပဲ...... ဒီမိန်းမက မဆိုးဘူးပဲပြောရမလိုလို။

ကိုကိုမောင်(ပန်းရနံ့) said...

ပို့စ်ဖတ်ပြီး ပျော်နိုင်ပါဘူးဗျာ။ ဖတ်နေရင်း ယောက်ျားကများ ဖောက်ပြန်မလား မှတ်နေတာ။ လက်စသတ်တော့ မိန်းမက မျောက်ထားတာကိုး။ အိမ်က ဒရိုင်ဘာဆိုတော့ ပြီးပြီပေါ့။ ယောက်ျားကလဲ အတော်လေး သည်းခံရှာသားဘဲ။ တော်တော်ဆိုးတဲ့ မိန်းမ။ တောက်။း(

ခင်မင်လျှက်

sosegado said...

သံသရာ မကုန်သရွေ့ သမင်နဲ့ကျားဖြစ်နေဦးပဲ၊
ဆပ်စရာတွေ ပေးစရာတွေ ဝဠ်ကြွေးတွေ ဒီဘဝမှာ ဒီမိသားစု
နောက်ဆုံးပေးဆပ်သွားနိုင်ပါစေ။

ဟန်ကြည် said...

အေးဗျာ...မိဘရှိလျက်နဲ့ မိဘမဲ့ဖြစ်ရတဲ့ ကလေးတွေဘ၀က ရင်နာစရာကောင်းလိုက်တာ...လောကပါလတရားတွေလည်း ခေါင်းပါးကုန်ကြပြီထင်ပါရဲ့...တစ်ခါတစ်လေမှာများ မွေးကင်းစကလေးလေးကို အမှိုက်ပုံမှာ ပစ်ထားခဲ့တဲ့သတင်း၊ လမ်းဘေးမှာပစ်ထားခဲ့တဲ့သတင်းကြားရရင် တိရစ္ဆာန်ထက်တောင်ယုတ်ညံ့နေသေးတဲ့ လူတွေကို စိတ်ကုန်မိတယ်...ကဖိုးငွေရေ...ရေးရင်းနဲ့ စိတ်တိုလာမိပါပကောဗျား...

mstint said...

ရှုပ်ထွေးပွေလီတဲ့ လောကကြီးထဲမှာ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်ဆန်းတွေအများကြီးပဲ ကိုငွေရေ။
ကြမ္မာရဟတ်ဆိုတာ တစ်ပတ်လည်တတ်စမြဲမို့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ပဲလိုတာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Au An said...

မိန်းမ မယူချင်တာ ဒါတွေလည်းပါတယ်ဗျာ