Saturday, November 20, 2010
ကြာဝတ်မှုံကုန်မှာ စိုးတယ်
 “ရင့်မှာတစ်ကျိပ် ၊ နုမှာငါးရာ ၊ နောင်လာရှစ်သောင်း ၊ ဘုရားပေါင်းလို့ ”လို့ဆိုပါတယ်ခင်မျာ ၊ ဒါကတော့ သီဟိုဠ်ကျွန်းကရေးတဲ့ ၊ မဟာဝင်ကျမ်းစာများအရလို့ဆိုပါတယ် ၊ သီဟိုဠ်ရဟန်းတော် များရေးသားခဲ့သော ၊ မဟာဝံသ ၊ ဗုဒ္ဓ၀ံသ ၊ ထူပ၀ံသ ၊ ရာဇ၀ံသ ၊ မဟာဗောဓိဝံသ ၊ စသော ကျမ်းစာများကို မြန်မာနိုင်ငံမှာ သာသနာရေးဋ္ဌာနက မြန်မာဘာသာနဲ့ပြန်လည် ဘာသာပြန်ဆို ရေးသားကြလို့ ၊ ဗုဒ္ဓဘာသာဝင်များ တော်တော်လေးဗဟုသုတ တိုးခဲ့ရပါတယ်။
 အထက်ပါ စာအုပ်လေးတွေကို ဖတ်ဖူးရင်တော့ ၊ မြန်မာနိုင်ငံက ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရေး သားခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းဆိုတာ သီဟိုဠ်ရဟန်းတော်များ ၊ ဆင်ဟာလိဘာသာ ၊ ပါဠိဘာ သာတို့နှင့် ရေးသားထားခဲ့တဲ့ ဗုဒ္ဓ၀ံသကျမ်းစာကို မြန်မာဘာသာစကားနဲ့ ပြန်လည်ရေးသားထား တာလို့သိနိုင်ပါတယ် ၊ ရှေးတုန်းက မြန်မာဘုန်းတော်ကြီးများဟာ မြန်မာ+ပါဠိ+သက္ကတဘာသာ စကားတို့အပြင် ဆင်ဟာလီဘာသာ စကားကိုပါ တတ်ကျွမ်းတော်မူကြတယ်လို့  ဒီစာအုပ်လေးတွေဖတ်ရင်းက အတွေးပေါက်မှိလို့ တော်တော်လေး လေးစားအားကျမှိပါတယ် ၊ ကျွန်တော်တို့မှာက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့ နမောတဿတောင် အနက်အဓိပ္ပါယ်မသိပေဘူးမို့လား ။
ခပ်ငယ်ငယ်တုန်းက ဘုန်းကြီးတွေပေါ် (ပြစ်မှားမှိခဲ့ဖူးပါတယ် ) နောက်တော့ ၊ ကျွန်တော်တို့တွေ လှူဒါန်းထောက်ပံ့ထားတာတွေဟာ အလကားမဟုတ်ဘူး ၊ ဆိုတာကို ဘာသာရေးစာပေတွေ ဖတ်လေ ပိုသိလေလေဖြစ်ပါတယ် ၊ မြန်မာနိုင်ငံမှာ ဒီလိုဆရာတော်ကြီးများကို ပိုင်ဆိုင်ခွင့်ရတာ ဟာနိုင်ငံကျက်သရေ တစ်ပါးလို့တောင် တွေးမြင်မှိပါတယ် ၊ နိုင်ငံတစ်ခုမှာ ထုတ်ကုန်ပစ္စည်း မျိုးစုံရှိပါတယ် ၊ အမာထုတ်ကုန်နဲ့ အပျော့ထုတ်ကုန်လို့ ၊ အကြမ်းအားဖြင့် မှတ်သား ထားနိုင်ပါတယ်။
 နိုင်ငံကြီးတိုင်းမှာ ဒီထုတ်ကုန်နှစ်မျိုးရှိကိုရှိပါတယ် ၊ တချို့နိုင်ငံကြီးများမှာ အမာထုတ်ကုန်အနေနဲ့ စက်မှုလက်မှုစသော ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး၊ အပျော့ထုတ်ကုန်အနေနဲ့ ပညာရေးကို ထုတ်ကုန်လုပ်ပါတယ် ၊ တချို့နိုင်ငံတွေများကြတော့ အမာထုတ်ကုန်သာ ရှိပါတယ် ၊ အပျော့ထုတ်ကုန် မရှိပါ ၊ တချို့နိုင်ငံများကြပြန်တော့ အမာရော အပျော့ပါ မရှိပါ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမာထုတ်ကုန်အဖြစ် ၊ ကျွန်းသစ်၊ရေနံစသော သဘာဝတွင်းထွက် ၊ ကုန်းထွက် ၊ရေထွက်တွေရှိသလို ၊ အပျော့ထုတ်ကုန်အနေနဲ့ ကမ္ဘာကျော်ဝိပဿနာတရားများ ရှိနေပါတယ်။
ဒီထက်အံသြစရာ ကောင်းတဲ့အချက်ကတော့ ယနေ့တိုင်ကမ္ဘာကျော်နေဆဲ ဆရာကြီးဂိုအင်ဂါက ဒီဝိပဿနာပညာရပ်များကို ၊ ငွေစာရင်းမင်းကြီး ဦးဘခင်ထံမှ သင်ယူလာတာဖြစ်ပြီး ၊ ဦးဘခင်က ရဟန္တာဟု ကျော်ကြားတော်မူတဲ့ ဝေဘူဆရာတော်ကြီး၏ အထံမှ သင်ယူလာတာဖြစ်တယ်လို့ ဆရာကြီး ဟောကြားထားတဲ့ ဘာသာရေးနဲ့ ဂိုဏ်းဂဏများဆိုတဲ့ စာအုပ်မှာ အထင်အရှားရေးသား ထားပါတယ်။
 ဆရာကြီးဂိုအင်ဂါရဲ့ အင်တာဗျူးတစ်ခုမှာ အင်္ဂလန်နိုင်ငံက ပရော်ဖက်ဆာတစ်ဦးက ဗုဒ္ဓပြောတာနဲ့ ထပ်ချပ်မကွာ တိကျတဲ့ ၀ိပဿနာပညာကိုရဖို့ ၊ ဘယ်နိုင်ငံမှာ သင်ယူခြင်းဟာ အကောင်းဆုံး ဖြစ်ပါသလဲလို့ မေးတဲ့အခါ ၊ ဆရာကြီးက “၀ိပဿနာဟာ မြန်မာနိုင်ငံရဲ့ ထွက်ကုန် ဖြစ်ပါတယ်တဲ့ ၊ မြန်မာနိုင်ငံမှ ကျမ်းတတ်ဆရာတော်များထံမှာ သင်ကြားဆည်းပူးမယ်ဆိုရင် ဗုဒ္ဓ ဟောကြားထားတဲ့အတိုင်း ထပ်ချပ်မကွာ သိမြင်နားလည်နိုင်ပါလိမ့်မယ် အာမခံနိုင်တာတစ်ခုက တော့ မြန်မာနိုင်ငံကလွဲပြီး ဗုဒ္ဓရဲ့ဝိပဿနာပညာကို သီအိုရီအရရော လက်တွေ့အနေနဲ့ပါ မည်သည့်နိုင်ငံမှာမှ မြင်တွေ့နိုင်မည် မဟုတ်ပါလို့ ” ဖြေကြားလိုက်ပါတယ် ။
ဒါဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်ပါလားခင်မျာ ၊ ကျွန်တော်တို့တွေ တစ်အိမ်တစ်ဇွန်းနဲ့ လောင်းလှူထားတဲ့ ဆွမ်း ထမင်းတွေရဲ့ရလာဒ်မဟုတ်ပါလား ၊ မိမိတို့ရဲ့ ချွေးနဲစာလေးတွေနဲ့ စုဆောင်းထားတဲ့ ငွေကြေး အနည်းငယ်နဲ့ စုပေါင်းစပ်ပေါင်း လှူဒါန်းကြလို့မို့ သံဃာတော်အရှင်သူမြတ်များ အစုအဖွဲ့တစ်ရပ် ပေါ်ပေါက်လာပြီး ဒီလိုပညာရပ်တွေကို စုပေါင်းသင်ကြား ပို့ချနိုင်ကြတာ မဟုတ်ပါလား ၊ ကျွန်တော်တို့ဟာ အလွန်ဆင်းရဲတဲ့ တိုင်းပြည်မှာ လူဖြစ်နေရလို့မို့ ရုပ်ဝတ္ထုပစ္စည်းကို မက်မောခဲ့ကြတာတော့ အမှန်ပါ။
 ရုပ်ဝတ္ထုပစ္စည်းဆိုတာ အသုံးကြာတဲ့အခါ ရိုးအီသွားတတ်ပါတယ် ၊ ရုပ်ဝတ္ထုဘက်ကို နေ့ရောညပါ မအားမလပ် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ အားနဲချက်တွေ ရှိလာခဲ့ကြပါတယ် ၊ ရုပ်ဝတ္ထုရဲ့ လိုအပ်ချက် များလေလေ စိတ်ပိုင်းဆိုင်ရာ အားနဲချက်ဟာ ပိုပိုများပြားလာလေ ဖြစ်ပါတယ် ၊ လိုအပ်ချက်သိပ်များလာတဲ့အခါ သမာတာရော မသမာတာရော တရားသော မတရားသော သိပ်မစဉ်းစားနိုင်တော့ပါ ၊ အသိဥာဏ်ပြည့်ဝတဲ့ တစ်နေ့မှာတော့ ဘာသာရေးနဲ့ ဖြေဆေးထိုး ကြရပါလိမ့်မယ် ၊ မည်သို့ပင် ဖြစ်စေ ကျွန်တော်နိုင်ငံမှာ ဘုန်းတော်ကြီးတွေနဲ့ ၀ိပဿနာတရား ရှိနေသည် မဟုတ်ပါလား ။
 လွတ်လပ်ရေးခေတ်က ဂျာမန်ရဟန်းတော် အရှင်လောကနာထဟာ ပြင်ဦးလွင်မြို့မှာ သီတင်းသုံးစဉ်မှာ၊ ဗိုလ်ချုပ်အောင်ဆန်းက ဂါရ၀ပြုခဲ့ပြီး မြန်မာနိုင်ငံသားတို့အတွက် သြ၀ါဒတစ်ခုပေးပါလို့ လျှောက်တော့ အရှင်လောကနာထက “မြန်မာနိုင်ငံသားတွေဟာ ကြာပင် အောက်က ဖားတွေနဲ့တူတယ် ၊ ဒို့နိုင်ငံရပ်ခြားကလူတွေက ပျားတွေပိတုန်းတွေနဲ့ တူတယ် ကြာပင်အောက်က ဖားဟာ ကြာပန်းရဲ့ဝတ်မှုံကို ဘယ်လောက်ကောင်းမှန်း မသိဘူး မြေကြီးပဲ စားတယ် ၊ ပျားတွေ ပိတုန်းတွေကတော့ဖြင့် အဝေးကနေ ကြာပင်ရဲ့ဝတ်မှုံကို လာရောက်စုပ်ယူ ကြတယ်လို့ ” မိန့်တော်မူကြပါသတဲ့။
 ပျားတွေပိတုန်းတွေ စုပ်ယူသွားရင် ကြာဝတ်မှုံတွေ တ ချိန်ကုန်လေမလား လို့တွေးကြည့်ခဲ့ဖူးပါတယ် ၊ ၀တ်မှုံဆိုတာ ကုန်တတ်ပါတယ် ၊ ဒါပေမဲ့ ကြာပင်ရှိနေသေးရင်တော့ ကြာဝတ်မှုံကို စိတ်ပူစရာမလိုပါ ၊ ကြာပင်စိုက်ဖို့လိုပါတယ် ကြာပင်ပွားဖို့လိုပါတယ် ၊ မြန်မာနိင်ငံက ကျွန်းကိုအပင်လိုက်ရောင်းတော့ ငွေသိပ်မရလိုက်ပါ ၊ တရုတ်က မြန်မာပြည်က ၀ယ်ထားသော ကျွန်းသစ်ကို ပါကေးလုပ်ပြီး ပြန်ရောင်းတဲ့အခါ  မြန်မာပြည်က တန်ဘိုးများစွာ ပေးဝယ်ရပါသည်။
 ယနေ့ခေတ်အခါတွင် မြန်မာနိုင်ငံတွင် ကိုရင်ငယ်များ အင်မတန်ရှားပါးနေသလို ၊ပညာတတ် ရဟန်းတော်များ နိုင်ငံရပ်ခြားတွင် သီတင်းသုံးတော်မူ ကပြီး ၊ ပြည်တွင်းသို့ ပြန်လည်ကြွရောက် မလာတော့ပါ ၊ လူပညာတတ်များက နိုင်ငံခြားမှာ နေထိုင်ကြသည့် နည်းတူ ၊ ရဟန်းပညာတတ်များ နိုင်ငံရပ်ခြားတွင် သီတင်းသုံးတော်မူလေပြီ ၊ ပညာတတ်လူများ ပြည်တွင်းမှာနည်းလေပြီ ၊ ပညာတတ် လူများအတွက် မြန်မာနိုင်ငံမှ တက္ကသိုလ် ကောလိပ်တို့မှ နှစ်စဉ်အသစ်မွေးထုတ်ပေးနေပါသော်လည်း ၊ ရဟန်းပညာတတ်တို့အတွက် မွေးထုတ်ပေးရာ အညာကျေးလက်တောရွာတို့တွင် ၊ ရှင်ပြုသူ ၊ သာမဏေခေါ် ကိုရင်လုပ်သူများ နည်းပါးသွားကြသဖြင့် ၊ လူပျိုရဟန်းနှင့် လူပျိုကိုရင်လေးများရှားလေပြီ။
 အသက်ကြီးမှဝတ်သော တောထွက်ခေါ် ပါဠိစာပေမတတ်သည့် ၊ ရဟန်းများသာ များချေပြီတကား ၊ ရဟန်းပညာတတ်များ ပြည်တွင်းမှာ နည်းပါးပြီး ပြည်ပမှာများစွာ သီတင်းသုံး နေထိုင်နေကြသဖြင့် ၊ ကျွန်တော်တို့နိုင်ငံမှာ အခမဲ့ဖြန့်ဖြူးပေးနေသော ပြည်တွင်းဖြစ် ၀ိပဿနာ တရားတော်များကို ကျွန်တော်တို့အိုလာသည့် အခါ ဒေါ်လာနှင့် ပေးဝယ်ရလေမလား။ ယနေ့ချိန်ထိ ကမ္ဘာမှာ အမွန်မြတ်ဆုံး ထုတ်ကုန် ဖြစ်သော ၀ိပဿနာ ဟူသော ကျွန်ုပ်တို့၏ ကြာဝတ်မှုံသည် ၊ ပြည်တွင်းမှာ ကျွန်တော် အိုသည့်အထိ ကျန်ကောင်းပါလေစ ၊ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ကြာပင်မစိုက်ခဲ့ဖူးလင့်ကစား သူများ စိုက်ထားတဲ့ ကြာပင်လေးတွေရဲ့ ကြာဝတ်မှုန်ကိုတော့ ကျွန်တော် ကုန်မှာဆိုးပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ..။
11 comments:
...အလင်းစက်များ said...
အင်း.......... ကြာဝတ်မှုံ ကုန်လုပါပြီလေ.. :) :) :)
ဒေါင်းမင်း said...
ဒီပို့လေးဖတ်ပြီး ရင်လေးမိတယ်။
ဒီလိုဖြစ်မယ်ဆိုတာငယ်ငယ်လေးထဲကဆရာတော်
ကြီးတွေပြောဘူးခဲ့တယ်။နောက်ဆိုမြန်မာပြည်မှာ
မိစ္ဆာအယူဝါဒပြန်ထွန်းလာမယ်တဲ့။လက်ရှိမိစ္ဆာ
အယူထွန်းကာနေတဲ့နိုင်ငံတွေမှာဗုဒ္ဓဘာသာပြန်လည်
ထွန်းကားမယ်လို့ပြောတာနားထောင်ခဲ့ဘူးတယ်။
ဘာပဲပြောပြောပါကျွန်တော်ကတော့ကျွန်တော်အပြင်
ကျွန်တော်လက်လှမ်းမှီသလောက်သာသနာ
ပျံပွားအောင်ပူဇော်တက်အောင်လုပ်ဆောင်
နေပါတယ်။
ခင်မင်စွာဖြင့်
ဒေါင်းမင်း
ညိမ်းနိုင် said...
ငွေလမင်းရေ...မမြဲတဲ့ သဘောအရတော့ ဒီလိုပဲလာမှာပါပဲ။
အချိန်ကောင်းကို မှီတုန်းလေး..လုပ်ချင်သူတွေက လုပ်စရာ
ရှိတာကို လုပ်ကြဖို့ပဲပေါ့..။လောကမှာ ကိုယ်မတတ်နိုင်တာတွေ အများကြီးကိုး..။
ချော(အစိမ်းရောင်လွင်ပြင်) said...
ဦးနှောက်ယိုစီးတာတွေက လူတွေတင်မက ရဟန်းသံဃာတွေမှာပါ ဖြစ်ကုန်ပြီနော်
တာဝန်ရှိသူတွေက မထေမဲ့မမြင် မသိလိုက်မသိဖာသာ နေကြဦးမယ်ဆိုရင် ဒီထက် ဆိုးဖို့ဘဲ ရှိတာပါဘဲ။
ခက်တာက ဒီကြာဝတ်မှုန်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ မသိကြဘူး
ဘယ်သိမှလဲလေ ကိုယ်တိုင်ကလည်း ဘာမှမှ မတတ်ကြတာကိုး
ကိုဇော် said...
ဒါတွေးစရာပါပဲ။
ဗုဒ္ဓဘာသာဝင်တိုင်းလည်း တွေးကြည့်သင့်တယ်။
သူများကိုတော့ ဘာမှ မပြောလိုပါဘူး။
ကြုံလို့ပြောတာပါ။
ကျနော့်ဘဝရဲ့ ရည်မှန်းချက် ၃ ခုထဲမှာ ဗုဒ္ဓဘာသာတော် တိုးတတ်ပြန့်ပွားရေးအတွက် ဆိုတဲ့ ရဟန်းအဖြစ်နဲ့ တောင်တန်းသာသနာပြုလိုမျိုး လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ လုပ်လည်း လုပ်ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကြာပွင့်ကြီး မဟုတ်တောင်မှ ကြာပွင့်သေးသေးလေး အဖြစ်နဲ့ပေါ့။
မိုးယံ said...
ဖတ်ပြီးရင်မောတယ် မစ္စတာ ငွေလမင်းရေ။ နွားကျောင်းသား သာသနာလို ဖြစ်ခဲ့တာကြာပေါ့။ ကိုယ်တွေက သာသနာကိုစောင့်ရှောက်ယုံပဲ တတ်ကြပြီး အသီးအပွင့်ကို စားသုံးသူနည်းလွန်းတယ်။ နိုင်ငံကြီးသားများက ပျားဝတ်မှုံစုပ်သလို လာယူကြတာကို ပဲ ကိုယ်က ဂုဏ်ယူရမလိုတောင်ဖြစ်နေတယ်။ ကိုယ်တိုင် ၀တ်မှုံစားနိုင်အောင် ကြိုးစားနေပါတယ်။ကြာပွင့်သေးသေးလေး လုပ်မယ့်လူနဲ့လဲ အဲဒီကစ္စတွေမကြာမကြာပြောဖြစ်တယ်။ အခွင့်သင့်ရင် ဦးငွေလမင်းဆီက နေ ဘာသာရေး ဗဟုသုတများ ခံယူချင်ပါသေးရဲ့။
ငွေစန္ဒာ said...
မစ္စတာ ငွေလမင်းရေ
ဝိပဿနာဝတ်မှုန်ကိုလူတိုင်းစာသုံးနိုင်ကြပါစေလို့ ကျမတို့လက်လှမ်းမှီသလောက်တိုက်တွန်းရမှာပေါ့ရှင်။
ရွှေရတုမှတ်တမ်း said...
အင်း..ရွာကလူတွေက ဒင်္ဂါးပြားဆွဲထားတဲ့ ပုတ်သင်လို မာန်တက်နေတာ..
ဒီဒင်္ဂါးကို အသုံးချရကောင်းမှန်းမသိကြသေးဘူး
sosegado said...
အမှန်တွေပါပဲ၊ယခုနောက်ပိုင်း မြန်မာလိုဟောတဲ့ ဆရာတော်ကြီးတွေပေါ်နေပါပြီ၊
မြစ်ကျိုးအင်း said...
အနာဂါတ်အတွက် အရေးကြီးတဲ့ အချက်တစ်ခု ကို သတိပေးထားတဲ့ ပို့စ်လေးမို့လို့ တန်ဖိုးရှိ ပါပေတယ်ဗျာ။
SHWE ZIN U said...
ပိုစ့်လေး အတွက် ကျေးဇူး
ဒီကဟာတွေကတော့ .. အင်းပြောတော့ပါဘူး
ခင်တဲ့
ရွှေစင်ဦး